ပြေတောရိရုံး (Praetorium)

ပြေတောရိရုံး (Praetorium)

ပြေတောရိရုံးဆိုသည်မှာ ရောမစစ်သားများနေသော အဆောက်အဦးကို ဆိုလိုသည်။ မဟာဟေရုဒ်မင်းကြီး၏အမိန့်ဖြင့် ယေရုရှလင်မြို့ရှိ ပြေတောရိအဆောက်အဦးကို ဗိမာန်တော်ဝင်းရှိ တောင့်တနေရာတွင် ဆောက်ထားသည်။ မားကပ်(စ်) အန်တိုနီယပ်(စ်)အား ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ခြင်းဖြစ်ရာ အဆောက်အဦးအား သူ၏နာမည်ပေးခဲ့သည်။

ဂျူးလူမျိုးတို့၏ ဘာသာရေးဆိုင်ရာ ရာသီပွဲတော်ချိန်နှင့် အခြားအရေးကြီးသော အခမ်းအနားကျင်းပချိန်များတွင် ပုန်ကန်အုံကြွမှုမရှိစေရန်အတွက် ရောမစစ်တပ်အင်အားဖြည့်၍ ပို့လေ့ရှိသည်။

သို့သော် ဂျူးလူမျိုးများက မိမိတို့၏ သန့်ရှင်းသောမြို့တွင် စစ်သားများ ရှိခြင်းကို မနှစ်သက်လှချေ။ အထူးသဖြင့် ဗိမာန်တော်အနီးတွင် စစ်သားများရှိနေခြင်းကို လုံးဝ မနှစ်သက်ကြချေ။

[ ရှင်မာကုခရစ်ဝင် ၁၅း၁၆၊ တမန်တော်ဝတ္ထု ၂၁း၃၄-၄၀။ ]

ရောမဧကရာဇ်မင်း (Roman Emperor)

ရောမဧကရာဇ်မင်း (Roman Emperor)

ဧကရာဇ်မင်းသည် တိုင်းနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ပြီး အင်ပါယာ ၏ အချုပ်အချာအာဏာ ချုပ်ကိုင်အုပ်စိုးသူ ဖြစ်သည်။ တိုက်ခိုက်သိမ်းပိုက်သောနိုင်ငံနှင့် သိမ်းပိုက်ခံသောနိုင်ငံများပေါင်း၍ အင်ပါယာကြီးတည်ထောင်ကာ ဧကရာဇ်မင်းက အဓိကပုဂ္ဂိုလ် ဖြစ်သည်။ အလွန်ချမ်းသာသည်။ လုပ်ချင်သောအရာများအားလုံး လုပ်နိုင်သည်။ သူ့ဆန္ဒအတိုင်း ဥပဒေဆွဲနိုင်သည်။ သူလုပ်သမျှအား မည်သူ့ကိုမျှ ရှင်းပြစရာမလိုပေ။ အင်ပါယာအတွင်း အကြီးမြတ်ဆုံးဖြစ်ခြင်း သင်္ကေတအဖြစ် နန်းတော်တွင်းရှိ ထိုင်ခုံအားလုံးထက် သူ၏ရာဇပလ္လင် ပို၍မြင့်စေသည်။ တော်ဝင်မိသားစုဖြစ်ခြင်း လက္ခဏာအဖြစ် သူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ သူ၏ မိသားစုများက အလွန်တန်ဖိုးကြီးသော ခရမ်းရောင်အဝတ်အစားများ ဝတ်ဆင်ကြသည်။ သိမ်းပိုက်သောတိုင်းနိုင်ငံများ အုပ်ချုပ်ရန် ဧကရာဇ်မင်းက ဘုရင်ခံများ ခန့် ထားလေ့ရှိသည်။ ဘုရင်ခံသည် ပြုလုပ်ခဲ့သမျှအားလုံး ဧကရာဇ်မင်းထံ အစီရင်ခံရ သည်။ တိုင်းသူပြည်သားများက ဧကရာဇ်မင်းအား ဘုရားတစ်ဆူ ကဲ့သို့ သတ်မှတ်ကာ ကိုးကွယ်ကြသည်။ အစ္စရေးပြည်သည် ရောမအင်ပါယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသောအခါ ဧကရာဇ်မင်း ကိုးကွယ်ခြင်းသည် ကြီးမားသော ပြဿနာဖြစ်ပွား စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးများ၏ ပညတ်တရားက စစ်မှန် ထာဝရဘုရားသခင်ကိုသာ ကိုးကွယ်ရမည်ဟု ပြဌာန်းထားသဖြင့် ဧကရာဇ်မင်း ကိုးကွယ်ရန် ငြင်းဆန်ကြသည်။ ဤအရာကို အကြောင်းပြု၍ တော်လှန်ရေးသမားများအဖြစ် သတ်မှတ်ခြင်း ခံခဲ့ကြသည်။

နောက်ဆုံးတွင် ရောမစစ်သားများက ယေရုရှလင်မြို့တော်နှင့် ဗိမာန်တော်ကြီး ဖျက်ဆီးခဲ့ကြပေသည်။

ရောမအင်ပါယာ (The Roman Empire) နိဒါန်း (Introduction)

ရောမအင်ပါယာ

(The Roman Empire)

 

နိဒါန်း (Introduction)

ခရစ်တော်ဖွားမြင်သောအချိန်၌ ရောမအင်ပါယာသည် အစ္စရေးအပါအဝင် မြေထဲပင်လယ်ဒေသတစ်ခုလုံးနှင့် ဗြိတိန်နိုင်ငံထိ ကျယ်ဝန်းခဲ့သည်။ မြို့တော်မှာ ရောမမြို့ ဖြစ်ပြီး လူဦးရေ ၁,၅ဝဝ,ဝဝဝ ရှိသည်။ ယဉ်ကျေးမှုထွန်းကားသော ကမ္ဘာ၏ ဗဟိုအချက်အချာမြို့ဟု ယူဆသတ်မှတ်ခဲ့ကြသည်။ ကျယ်ဝန်းလှသော အင်ပါယာကြီးအုပ်ချုပ်ရန် ခိုင်မာသော ဗဟိုအစိုးရလိုအပ်ရာ ရောမမြို့တွင် နန်းစံသော ဧကရာဇ်မင်းသည် အချုပ်အချာအာဏာချုပ်ကိုင်သူ ဖြစ်သည်။

ရောမအင်ပါယာနှင့် သိမ်းပိုက်သော ကိုလိုနီနိုင်ငံအားလုံးကို ဒေသခွဲ၍ ရောမမြို့မှ စေလွှတ်သော ဘုရင်ခံများကတစ်ဆင့် အုပ်ချုပ်ကြသည်။ ဘုရင်၏ ဒေသဆိုင်ရာအစီရင်ခံစာကို တစ်ခါတစ်ရံ ဧကရာဇ်မင်းထံ တိုက်ရိုက်တင်ပြပြီး၊ တစ်ခါတစ်ရံ ရောမလွှတ်တော်သို့ တင်ပြရသည်။ ဒေသခံများက အခွန်ပုံမှန်ပေးဆောင်၍ ရောမဥပဒေလိုက်နာကာ၊ အစိုးရအား ပုန်ကန်မှု မပြုလုပ်သမျှ ဒေသဆိုင်ရာကိစ္စများတွင် ကိုယ်ပိုင်အုပ်ချုပ်စီရင်ပိုင်ခွင့် ရှိသည်။

ရောမအုပ်စိုးသောကာလတွင် မြေထဲပင်လယ်ပတ်ဝန်းကျင်ရှိ တိုင်းနိုင်ငံများ အေးချမ်းသာယာလျက်ရှိသည်။ ဤကဲ့သို့ စည်းလုံးနိုင်ခဲ့ခြင်းအကြောင်းရင်းမှာ ဂရိဘာသာစကားနှင့် ယဉ်ကျေးမှုတစ်ခုတည်းသာ ထွန်းကားပြီး၊ အုပ်ချုပ်ရေးအာဏာကို ရောမအစိုးရက ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ တိုင်းပြည်ငြိမ်သက်ခြင်းနှင့် ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု တိုးတက်လာသည်။ ဤအခွင့်အရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ရောမအစိုးရသည် အစ္စရေးဒေသ နိုင်ငံရေးတည်ငြိမ်မှုကို အလွန်စိတ်ဝင်စားလာကြသည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးနိုင်ငံသည် အာရှ၊ အာဖရိကနှင့် ဉရောပနိုင်ငံများ၏ ကုန်းလမ်းနှင့် ရေလမ်းဆုံဆည်းရာ ဒေသဖြစ်ရာ ရောမအင်ပါယာအတွက် အထူးအရေးပါသောကြောင့် ဖြစ်သည်။

ရောမလူမျိုးတို့သည် လမ်းဖောက်လုပ်ရာတွင် အလွန်ကျွမ်းကျင်ထင်ရှားကြ သည်။ တိုင်းပြည်အေးချမ်းသောကာလအတွင်း စစ်သားများက ဒေသ ၄၃ ခုအား ဆက်သွယ်ရေးလမ်းမကြီးများ ဖောက်လုပ်ပေးခဲ့ရာ၊ ခရီးသွားလာရေးနှင့် ဆက်သွယ်ရေး လွယ်ကူလျင်မြန်စေသည်။ ထို့ပြင် အလွန်ကွာဝေးသောအရပ်မှ တူးမြောင်းများ ဖောက်လုပ်ပေးခြင်းဖြင့် ရေသန့်မရနိုင်သောနေရာများတွင် မြို့ကြီးများတည်နိုင်ခဲ့သည်။

ရောမတို့က အစ္စရေးနိုင်ငံအား သိမ်းပိုက်သောအခါ မက်ကဘီစ်အစိုးရကို ဖျက် သိမ်းပြီး ဒေသအုပ်ချုပ်ရန် မိမိလူကိုသာ ခန့်ထားခဲ့သည်။ တိုင်းပြည်ကိုလည်း ဂါလိလဲ။ ရှမာရိ၊ ယုဒ၊ အီဒူမီးယားနှင့် ဖရီးယား ဟူ၍ ဒေသ ၅ ခုခွဲလိုက်သည်။ ဂျူးလူမျိုး တို့သည် ဂါလိလဲ၊ ဖရီယားနှင့် ယုဒဒေသများတွင် အဓိကနေထိုင်ကြသည်။ အစ္စရေး နိုင်ငံရှိ လူဦးရေ တစ်ဝက်ခန့်သည် ဂျူးလူမျိုးများဖြစ်၍ ကျန်လူမျိုးများမှာ ဂရိ၊ ရောမ ဆီးရီးယား၊ အီဂျစ်၊ အာရပ်၊ ပါရှန်နှင့် ဗာဗုလုန်လူမျိုးများ ဖြစ်ကြသည်။

မဟာဟေရုဒ်မင်းကြီး၏မိသားစုသည် ရောမဧကရာဇ်ဘုရင် ဂျူးလီယက်ဆီဇာအား ကူညီထောက်ပံ့ခဲ့သောကြောင့် ရောမတပ်တွင် ဂျူးလူမျိုးများ အမှုထမ်းရန် မတောင်းဆိုတော့ချေ။ သို့သော် နိုင်ငံအနှံ့တွင် ရောမစစ်သားများ၏ စခန်းနှင့် ခံတပ်များ တည်ဆောက်ထားသည်။ အခွန်တော် အမြဲဆက်သရခြင်းနှင့် မိမိတိုင်းပြည်တွင် နိုင်ငံခြားသား အမြောက်အမြား ဝင်ရောက်လာခြင်းသည် အသိမ်းပိုက်ခံ လူမျိုးဖြစ် ကြောင်း အမြဲသတိရစေသည်။

ဂျူးလူမျိုးတို့သည် ရောမလူမျိုးများအား ညစ်ညမ်းသော သူများအဖြစ် သတ်မှတ်သည်။ ဂျူးလူမျိုးတို့သည် ရောမများအား သူတို့ကိုအုပ်စိုးသောကြောင့်လည်းကောင်း၊ ဘာသာစကားအမျိုးမျိုးပြောကြသောကြောင်းလည်းကောင်း၊ ဘာသာရေးဆိုင်ရာ ယုံကြည်မှုအမျိုးမျိုးရှိကြသောကြောင့်လည်းကောင်း၊ အလွန်မုန်းတီးကြသည်။ ရောမ များနှင့် ဂျူးလူမျိုးများအကြား မကြာခဏ ဆူပူမှု၊ ခိုက်ရန်ဖြစ်ပွားမှု ရှိတတ်သည်။ ရောမများကလည်း မိမိအင်ပါယာကြီးအတွင်း အုပ်ချုပ်ရန် အခက်ခဲဆုံးဒေသဟု သတ်မှတ်ထားကြသည်။

[ ရှင်မဿဲခရစ်ဝင် ၈း၅-၉၊ ရှင်လုကာခရစ်ဝင် ၂း၁-၃၊ ၂၀:၂၁-၂၅၊ ၂၃:၁-၂၊ ရှင်ယောဟန်ခရစ်ဝင် ၁၁း၄၇-၄၈၊ ၁၉:၁၂၊ တမန်တော်ဝတ္ထု ၁၀း၁၊ ၁၆း၃၇-၃၉၊ ၁၉း၃၇-၄၀၊ ၂၂း၂၅-၂၉။ ]

အရေဖျားလှီးခြင်း (Circumcision)

အရေဖျားလှီးခြင်း (Circumcision)

အရေဖျားလှီးခြင်းဆိုသည်မှာ ယောက်ျားအင်္ဂါထိပ်အရေခွံဖျား လှီးဖြတ် ခြင်းကို ဆိုလိုသည်။ ဂျူးလူမျိုး ယောက်ျားများ မွေးဖွားပြီး ရှစ်ရက်မြောက်နေ့တွင် အရေဖျားလှီးရသည်။ ၎င်းအခမ်းအနားတွင် မိသားစုအားလုံး စုံညီစွာ တက်ရောက်လေ့ရှိသည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းခံရသူများဖြစ်ကြောင်း သက်သေဖြစ်ရန်အတွက် ထာဝရဘုရား၏အမိန့်တော်အတိုင်း အာဗြဟံနှင့် သူ၏ကျွန်များက အရေဖျားလှီးခြင်းခံခဲ့ကြရာ၊ ပထမဦးဆုံး အရေဖျားလှီးသူများ ဖြစ်ကြသည်။ ဂျူးလူမျိုး မဟုတ်သူ ယောက်ျားတစ်ယောက်က ဂျူးဘာသာကို သက်ဝင်ယုံကြည်လာလျှင် အရေဖျားလှီးခြင်း ခံရပါသည်။

ခရစ်တော်အသေခံပြီးနောက်ပိုင်းတွင် ထာဝရဘုရားသခင် ယုံကြည်သော သက်သေအဖြစ် အရေဖျားလှီးခြင်း ပြုရန် မလိုအပ်တော့ပေ။

[ ကမ္ဘာဦးကျမ်း ၁၇း၉-၁၄ ရှင်လုကာခရစ်ဝင် ၂း၂၁၊ တမန်တော်ဝတ္ထု ၁၅း၁-၁၃၊ ဂလာတိဩဝါဒ ၅း၂-၆။ ]

သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်း (Clean and Unclean)

သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်း (Clean and Unclean)

အစ္စရေးလူမျိုးများ အီဂျစ်ပြည်ကျွန်ဘဝမှထွက်မြောက်လာ၍ သဲကန္တာရ အတွင်း လှည့်လည်နေချိန်တွင် ထာဝရဘုရားသခင်က မောရှေအားဖြင့် “ညွှန်ကြား ချက်”ဟူသော အဓိပ္ပာယ်ရှိသည့် ‘တိုရ” ခေါ် ပညတ်တော်များပေးခဲ့သည်။ ဤပညတ်တော်သည် လူတစ်ဦးချင်းမှစ၍ တစ်မျိုးသားလုံးအတွက် အကျုံးဝင်သော အသက် တာ၏ အခြေခံလူမှု ကျင့်ဝတ်များ ဖြစ်ပေသည်။ လူသားအချင်းချင်းငြိမ်းချမ်းစွာ ဆက်ဆံနေထိုင်ရန်၊ ရာဇဝတ်ပြစ်မှုများပြစ်ဒဏ်ပေးရန်၊ ဘုရားသခင်အား မည်ကဲ့သို့ ဝတ်ပြုရမည်အကြောင်းနှင့် မည်ကဲ့သို့ ယဇ်ပူဇော်ရမည်ကြောင်း များပါဝင်သည်။

ပညတ်တော်များ ချိုးဖောက်သူသည် ထာဝရဘုရားသခင်ကျိန်းဝပ်ရာ တဲတော်ထဲသို့ ဝင်ခွင့်မရှိဟူသော ပညတ်ချက်တစ်ခု ရှိသည်။ ထိုအရာကို ညစ်ညမ်း ခြင်း ဟု ခေါ်သည်။

ဂျူးအမျိုးသားတစ်ဦးသည် မထိရ၊ မစားရဟူသော တားမြစ်ချက်တစ်ခုခု ချိုးဖောက်မိပါက ညစ်ညမ်းမှု ဖြစ်လာနိုင်ပါသည်။ ဥပမာ ဝက်သား၊ ခွေးသား၊ ကြွက် သား၊ မြွေသား၊ ငါးတချို့နှင့် ပိုးကောင်တချို့ မစားရဟု တားမြစ်ထားသည်။ လူ သေလောင်း၊ ရာသီလာနေသော အမျိုးသမီးနှင့် မီးဖွားကာစ အမျိုးသမီးများ မထိ ရဟု တားမြစ်ထားသည်။ ကျူးလွန်မိပါက “ညစ်ညမ်းသူ”ဟု သတ်မှတ်ခြင်းခံရသည်။

ညစ်ညမ်းသူတစ်ဦးသည် ရေ၊ သွေး၊ ပြာ သို့မဟုတ် မီးများအသုံးပြု၍ ပြန်လည်သန့်ရှင်းစေနိုင်ပါသည်။ မီးသည် အစွမ်းအကောင်းဆုံး သန့်ရှင်းစေနိုင်သောအရာဟု သတ်မှတ်ကာ၊ မီးရှို့ယဇ်ပူဇော်ခြင်းဖြင့် ပြန်လည် သန့်ရှင်းစေခြင်း ခံယူကြသည်။ ရေဆေးခြင်းသည်လည်း ပြန်လည်သန့်ရှင်းစေခြင်းတစ်ခု ဖြစ်သည်။ ရုပ်တုများ တို့ထိမိခြင်းအားဖြင့် ညစ်ညမ်းမှုဖြစ်ပါက ရုပ်တုများ မီးရှို့ပြီး ပြာမှုန့်များ လွှင့်ပစ်ရပါသည်။

လူတစ်ဦးကို မည်သည့်အရာက ညစ်ညမ်းစေသနည်းဟူသော အချက်နှင့် ပတ်သက်၍ ဖာရိရှဲများဖြည့်စွက်သော ပညတ်တော်အနက်ဖွင့်ကျမ်းတွင် ယဇ်ပုရောဟိတ်များအတွက် ပြုလုပ်ထားသည့် သန့်ရှင်းခြင်းဆိုင်ရာ ဥပဒေများသည် လူအားလုံးအတွက် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် လူတစ်ဦးက မည်ကဲ့သို့ ပညတ်တော်တရားချိုးဖောက်ခဲ့သည်ကို သတ်မှတ်ရန် အလွန်ခက်ခဲသည်အထိ ဖြစ်လာသည်။

ခရစ်တော်ယေရှုအသေခံပြီးသည့်နောက် ညစ်ညမ်းခြင်းဆိုင်ရာ ပညတ် ဟောင်းအား ဆောက်တည်လိုက်နာရန် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ပြုခဲ့သော ယဇ်ပူဇော်ခြင်းအားဖြင့် ညစ်ညမ်းသူများ ပြုအပ်သော ယစ်ပူဇော်ခြင်း စနစ်ဟောင်း ဆုံးခန်းရောက်သွားသောကြောင့် ဖြစ်သည်။

[ ဝတ်ပြုရာကျမ်း ၁၁၊ ၁၅၊ ၁၉၃၁၊ တောလည်ရာကျမ်း ၁၉၊ တရားဟောရာကျမ်း ၁၄:၁-၂၁၊ ဟေရှာယအနာဂတ္တိကျမ်း ၆း၅-၇၊ ဟေဗြဲသြဝါဒ ၉၁-၁၅၊ ၁း၁-၂၃။ ]

1 2 3 4 5 58