ဂျူးလူမျိုးတို့၏ရာသီပွဲများ (Jewish Feasts)

ဂျူးလူမျိုးတို့၏ရာသီပွဲများ (Jewish Feasts)

ဂျူးလူမျိုးတို့၏ များပြားသော ရာသီပွဲများသည် အမျိုးဘာသာသာသနာ အတွက် အရေးကြီးသော ကဏ္ဍဖြစ်သည်။ ဤရာသီပွဲများသည် အတိတ်အမျိုးသားသမိုင်းကို ပြန်လည်သတိရရန်နှင့် ပစ္စုပ္ပန်ကာလတွင် ခံစားသော ကောင်းကြီးများ ရေတွက်ရန် ဖြစ်သည်။ ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပကြသည်။ အတိတ်ကာလ ဘိုးဘေးများအပေါ် ထာဝရဘုရားသခင်ပြုခဲ့သောကျေးဇူးတော်များ ရေတွက်ချီးမွမ်းခြင်းဖြင့် အမျိုးသားစည်းလုံးမှု ပို၍ ခိုင်မာစေသည်။

 

လဆန်းတံပိုးမှုတ်ပွဲ (The Feasts of the Trumpets of the New Moon) တစ်ရှရီ (Tishri) ခေါ် ဂျူးတို့၏ နှစ်သစ်ကူးသော ပထမလတွင်ကျင်းပသည် (အောက်တိုဘာလအတွင်းကျသည်)။ တံပိုးများကို တစ်နေကုန်မှုတ်ကြသည်။ ဓမ္မသစ်ကာလ တွင် မောရှ၏ပညတ္တိကျမ်းကို လူထုပရိသတ်ရှေ့တွင် ဖတ်လေ့ရှိသည်။

 

အပြစ်ဖြေရာနေ့သည် (The Day of Atonement) ဘာသာတရားကိုင်းရှိုင်းသော ဂျူးလူမျိုးများအတွက် အလွန်အရေးကြီးသောနေ့ ဖြစ်သည်။ အရေးကြီးဆုံး ယဇ်ပရောဟိတ်သည် အမျိုးသားအားလုံး၏ အပြစ်ကို ဝန်ချတောင်းပန်၍ ယဇ်ပူဇော် ခြင်းပြုပြီး ဗိမာန်တော်၏ အသန့်ရှင်းဆုံးနေရာသို့ တစ်နှစ်လျှင် တစ်ကြိမ်ဝင်ရောက် ရသောနေ့ ဖြစ်သည်။ ယဇ်ပုရောဟိတ်တို့၏ အပြစ်ဖြေရန် နွားထီးဖြင့် ပူဇော်ပြီး ပြည်သူတို့၏ အပြစ်အတွက် ဆိတ်တစ်ကောင်ပူဇော်ရသည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ဒုတိယ ယဇ်ကောင်ဖြစ်သော ဆိတ်ပေါ်တွင် လက်တင်ပြီး သဲကန္တာရသို့ လွှတ်လိုက်သည်။ ထိုကဲ့သို့ လုပ်ခြင်းသည် လူများ၏ အပြစ်အားလုံး ယူဆောင်သွားခြင်း အဓိပ္ပာယ်ဆောင်သည်။ အကြီးဆုံး ယဇ်ပုရောဟိတ်တစ်ဦးတည်းသည် ဘုရားသခင် နာမတော်ကိုခေါ်၍ ဗိမာန်တော်၏ အသန့်ရှင်းဆုံးခန်းသို့ ဝင်ခွင့် ရှိသည်။ ဤနေ့သည် “တစ်ရှရီ”ခေါ် အောက်တိုဘာလအတွင်း ကျသည်။

[ ဝတ်ပြုရာကျမ်း ၂၃း၂၆-၃၂။ ]

 

တဲတော်ပွဲ (The Feast of Tabernacles) လူများသည် မိမိနေအိမ်မှထွက်၍ သစ်ကိုင်းများဖြင့် ပြုလုပ်သော ယာယီတဲတွင် ခုနှစ်ရက်တိုင်တိုင် ပျော်ရွှင်စွာကျင်းပရသော ပွဲဖြစ်သည်။ အီဂျစ်ပြန်ကျွန်ဘဝမှ ဘုရားသခင်ကတိပေးသော ပြည်သို့ ချီတက်ရာ ကန္တရခရီးတစ်လျှောက်တွင် သူတို့၏ ဘိုးဘေးများသည် တဲများထိုး၍ ကျင်လည်ခဲ့ပုံများ ပြန်လည်အောက်မေ့သတိရရန် ဖြစ်သည်။ ဤပွဲတော်သည် သားသမီးများအား အမျိုးသားရာဇဝင်ကို သင်ပေးသော အချိန်နှင့် ကောင်းမွန်စွာ ကောက်ရိတ်ရသောကြောင့်၊ ဘုရားသခင်အား ချီးမွမ်းသောအချိန် ဖြစ်သည်။ “တစ်ရှရီ” ခေါ် အောက်တိုဘာလတွင် ကျရောက်လေ့ရှိသည်။

[ တရားဟောရာကျမ်း ၁၆း၁၃-၁၅၊ ရှင်ယောဟန်ခရစ်ဝင် ၇း၂။ ]

 

အင်္ကနိပွဲတော် (The Feast of Dedication) ပွဲတော်ကျင်းပသော ရှစ်ရက် မြောက်နေ့တွင် မိသားစုတိုင်း ဖယောင်းတိုင်မီးထွန်းရသောကြောင့် မီးထွန်းပွဲဟု ကြခေါ်သည်။ မက္ကဘီး(စ်) တို့က ရှုရိများအား အနိုင်ယူခဲ့ပြီး ဗိမာန်တော်အား ပြန်လည်ဆက်ကပ်၍ မြင့်မြတ်သောဆီမီးများ ညှိခြင်းကို သတိရအောက်မေ့ရန် ကျင်းပသောပွဲ ဖြစ်သည်။ “ခြစ်စလဗ်” (chiclev) ခေါ် နိုဝင်ဘာလတွင် ကျင်းပသည်။

[ ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၂။ ]

 

ပုရပွဲ (The Feast of Purim) အာဒါလ (Adar) ခေါ် မတ်လတွင် ကျင်းပသည်။ ပါးရှားပြည်တွင် ကျွန်ခံနေစဉ်အတွင်းတစ်မျိုးသားလုံး အမျိုးပြုတ်သတ်ဖြတ်ခြင်း ခံရမည့် အခြေအနေမှ လွှတ်မြောက်ခဲ့ပုံကို သတိရသောပွဲဖြစ်သည်။ ပထမ တစ်ရက် အစာရှောင်ပြီးနောက် နှစ်ရက်တာ ဆက်လက်ကျင်းပရသော ပျော်ရွှင်စရာပွဲ ဖြစ်သည်။

[ ဧသတာဝတ္ထု ၉း၂၀-၂၂။ ]

 

တေကုတ္တေပွဲ (The Feast of Pentecost) နှစ်စဉ် ပဿခါ ပွဲကျင်းပပြီး ရက်ပေါင်း ၅ဝ ပြည့်သောနေ့တွင် ဘုရားသခင်ထံ ကောက်သစ်များ ဆက်ကပ်သောပွဲ ဖြစ်သည်။ “သိဝန်” (Sivan) ခေါ် ဇွန်လအတွင်း ကျင်းပလေ့ရှိသည်။ ဓမ္မသစ်ကာလတွင် ဂျူးလူမျိုးတို့သည် ပဿခါပွဲကျင်းပရန် ယေရုရှလင်မြို့သို့ လာလေ့ရှိကြသည်။ ထိုအချိန်တွင် ယဇ်ပုရောဟိတ်သည် မကြာမီက ရိတ်သိမ်းခဲ့သော  ဂျုံစေ့မှပြုလုပ်သော ပေါင်မုန့်နှစ်လုံး လှုပ်ရှားပြသည်။ ပြည်သူတစ်ရပ်လုံး ကိုယ်စားပြုသော ကိုယ်လက်အမူအရာ အထိမ်းအမှတ်တစ်ခု ဖြစ်သည်။

[ ဝတ်ပြုရာကျမ်း ၂၃း၁၅-၁၉၊ တရားဟောရာကျမ်း ၁၆း၉-၁၂၊ တမန်တော်ဝတ္ထု ၂း၁။ ]

 

ပသာခါပွဲ (Passover) “နိသန်”ခေါ် ဧပြီလအတွင်း ကျင်းပသော ပသခါ) သည် ဂျူးလူမျိုးများအတွက် အရေးကြီးဆုံး ပွဲတော်တစ်ခု ဖြစ်သည်။ အီဂျစ်ပြည်တွင် နှစ်ပေါင်းလေးရာကျော် ကျွန်ခံပြီးမှ ဘုရားသခင်က မည်ကဲ့သို့ လွတ်မြောက် စေခဲ့ကြောင်း ပြန်လည်သတိရရန် ကျင်းပသောပွဲ ဖြစ်သည်။ သေမင်းတမန်သည် အစ္စရေးတို့၏ အိမ်များကို ကျော်သွားပြီး၊ အီဂျစ်လူမျိုးတို့၏ သားဦးမှန်သမျှ သတ် ဖြတ်ခဲ့သောကြောင့် ပဿခါဟု ခေါ်သည်။ အစ္စရေးမိသားစုတို့အား သိုးငယ်ကို သတ် ပြီး တံခါးတိုင်ပေါ်တွင် သွေးသုတ်လိမ်းခြင်းဖြင့် သေမင်းတမန်က ထိုအိမ်ကို ကျော်သွားရန် ညွှန်ပြထားသည်။

ဤဖြစ်ရပ်ကို ပြန်လည်သတိရစေရန် ရက်သတ္တတစ်ပတ်ကြာသော ဤပွဲကို နှစ်စဉ်ကျင်းပကြသည်။ ယဇ်ပုရောဟိတ်များက ဗိမာန်တော်တွင် အပြစ်အနာအဆာကင်းသော သိုးသငယ်ကိုသတ်၍ ပူဇော်ရသည်။ ဂျူးမိသားစုများ သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းများ စုဝေး၍ ညနေပိုင်းတွင် ပဿခါ ညစာစားရန် တွေ့ဆုံကြသည်။ ညစာကို အစီအစဉ် စနစ်တကျ စားသောက်ကြသည်။

ပထမတွင် ဘိုးဘေးတို့၏ နှစ်ပေါင်းများစွာ ခံစားခဲ့သော ခါးသီးသည့် ကျွန်ဘဝကို ပုံဖော်ရန်အတွက် စပျစ်ရည်သောက်ပြီး သစ်ရွက်ခါးများ စားကြသည်။ ထို့နောက် အီဂျစ်ပြည်မှ ထွက်မြောက်လာရန် ပြင်ဆင်ချိန်တိုတောင်းလွန်းသည်ကို သတိရရန် သိုးသငယ်သားကင်နှင့် တဆေးမပါသော ပေါင်မုန့်စားကြသည်။ တဆေးမပါသော ပေါင်မုန့်ကို ပဿခါ ပွဲကာလအတွင်း နေ့စဉ်စားရပါသည်။

ဖော်ပြပါ ဘာသာရေးဆိုင်ရာ ရာသီပွဲတော်များသည် အမျိုးသားဇာတိမာန်နှင့် စည်းလုံးညီညွတ်မှု ခိုင်မာတိုးတက်လာစေရန်အတွက် သားသမီးများအား အမျိုးသားရာဇဝင်သင်ကြားပေးသော အချိန်ဖြစ်ပေသည်။

[ ထွက်မြောက်ရာကျမ်း ၁၂၊ တရားဟောကျမ်း ၁၆း၁-၈၊ ရှင်မသဲ ၂၆း၂၊ ရှင်မာကုခရစ်ဝင် ၁၄း၁၊ ရှင်လုကာခရစ်ဝင် ၂း၄၁-၄၂၊ ၂၂း၁၊ ရှင်ယောဟန်ခရစ်ဝင် ၁၂း၁၂၊ ၁၃း၁။ ]

ဥပုသ်နေ့ (Sabbath)

ဥပုသ်နေ့ (Sabbath)

သတ္တမ ဟူသော အဓိပ္ပာယ်ရှိသည့် ဥပုသ်နေ့သည် အစ္စရေးလူမျိုးတို့ ကို အပတ်စဉ်အနားယူပြီး ဝတ်ပြုကိုးကွယ်သောနေ့ ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင် တည်စေခဲ့သောနေ့ဖြစ်သောကြောင့် သန့်ရှင်းသောနေ့ဖြစ်သည်။

ဂျူးလူမျိုးတို့၏ သတ်မှတ်ချက်အရ တစ်နေ့တာ၏ အစသည် နေဝင်ချိန် ဖြစ်သည်။ ထို့ကြောင့် ဥပုသ်နေ့သည် သောကြာနေ့ နေဝင်ချိန်တွင် အစပြုသည်။ ထိုအချိန်တွင် ရှိုးဖား (shofar) ခေါ် သိုးထီးချိုဖြင့် ပြုလုပ်ထားသော တံပိုးကိုမှုတ်၍ ဥပုသ်နေ့ကြော်ငြာပြီး ၎င်းဥပုသ်နေ့သည် စနေနေ့ည နေဝင်ချိန်တွင် အဆုံးသတ်သည်။

ဥပုသ်နေ့သည် အနားယူရသောနေ့ဖြစ်သည်။ ကျွန်များ ဧည့်သည်များအပါအဝင် လူအားလုံး အနားယူရသည်။ တိရစ္ဆာန်များလည်း အနားယူရသည်။ တင်းကျပ်သော ဥပဒေသဖြစ်သောကြောင့် မိမိဆန္ဒအတိုင်း ချိုးဖောက်သူအား သေဒဏ်ပေးခြင်း ခံရသည်။ မက္ကဘီး(စ်) တော်လှန်ရေးကာလအတွင်း ဂျူးလူမျိုးတို့သည် ဥပုသ်နေ့တွင် ရန်သူကို တိုက်ခိုက်မည့်အစား ရန်သူတို့၏ သတ်ဖြတ်ခြင်းခံခဲ့ကြသည်။

ဂျူးလူမျိုးတို့ သမိုင်းတွင် တရားဇရပ်အစပြုသော အချိန်မှစ၍ ဥပုသ်နေ့ သည် အနားယူသောနေ့၊ ဝတ်ပြုရာ နေ့နှင့် ပညတ်တရားများ လေ့လာသင်ယူသောနေ့ ဖြစ်လာသည်။ တိုင်းတစ်ပါးသို့ ကျွန်ခံသော အချိန်မှစ၍ ပညတ်တရားဆိုင်ရာ ကျမ်းတတ်ပုဂ္ဂိုလ်များသည် ဥပုသ်နေ့စောင့်ထိန်းခြင်းကို ရှင်းပြသော ထပ်ဖြည့်ဥပဒေ များ ရေးသားခဲ့ကြသည်။

ခရစ်တော်သက်တော်ထင်ရှားသောအချိန်တွင် ဂျူးလူမျိုးများသည် ရာ များစွာ ဥပုသ်နေ့ဆိုင်ရာ ဥပဒေများရှိခဲ့ကြသည်။ ၎င်းတားမြစ်ဥပဒေများတွင် လယ်လုပ်ခြင်း၊ ဂျုံမှုန့်နယ်ခြင်း၊ မုန့်ဖုတ်ပေးခြင်း၊ အဝတ်လျှော်ခြင်း၊ နေလှန်းခြင်း၊ ချည်ငင်ခြင်း၊ သိုးမွှေးညှပ်ခြင်း၊ သိုးမွေးချည်ငင်ခြင်း၊ ချည်မျှင်နှစ်ခုခွဲထုတ်ခြင်း၊ လက်နှစ်ဖက်နှင့် ချည်အထုံးဖြေခြင်း၊ အပ်နှစ်ချက်ချုပ်ခြင်း၊ စာနှစ်လုံးရေးခြင်း၊ နံရံနှစ်ခုပေါ်တွင်

တောင့်ပုံထွက်အောင် ရေးဆွဲခြင်း၊ ကျောက်ပြားနှစ်ချပ်ပေါ်တွင် စာရင်းရေးသွင်းခြင်း၊ မီးထွန်းညှိခြင်း၊ မီးငြိမ်းသတ်ခြင်း၊ အိမ်မှ တစ်ကီလိုမီတာဝေးသော ခရီးလမ်းလျှောက်ခြင်းတို့ ပါဝင်သည်။ ဥပုသ်နေ့ခရီးသွားခြင်းနှင့်ပတ်သက်သော ဥပဒေကို ဓမ္မဆရာများက တစ်ကီလိုမီတာရောက်တိုင်း အစားအစာတချို့ထားခဲ့ပြီး  ယာယီနေအိမ်ဟု သတ်မှတ်ကာ နောက်ထပ်တစ်ကီလိုမီတာသွားခြင်းဖြင့် ရှောင်ရှားနိုင်ကြသည်။

လယ်မြေများ အနားပေးရသော ဥပုသ်နှစ်လည်း ရှိသေးသည်။ သတ္တမနှစ်ရောက်တိုင်း လယ်ယာစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ စပျစ်ကိုင်းများ ချိုင်ခြင်း အသီးများ ခူးခြင်း တားမြစ်ထားသည်။ ဂျူးလူမျိုးကျွန်များ လွှတ်ပေးရသည်။

သတ္တမကြိမ်မြောက် ဥပုသ်နှစ်ဖြစ်သော အနှစ် (၅ဝ)မြောက်နှစ်ကို ယုဘိလ (Jubilee) နှစ်ဟု ခေါ်သည်။ ယူဘိလနှစ်ကို ငွေတံပိုးမှုတ်၍ ကြော်ငြာကာ၊ သန့်ရှင်းသောနှစ်ဟု သတ်မှတ်ကြသည်။ ဂျူးအမျိုးသားချင်း ရောင်းဝယ်ကြသော မြေများ ကို ယုဘိလနှစ်တွင် ပြန်ပေးရသည်။

ဥပုသ်နေ့သည် အနားယူရန်နှင့် ဝတ်ပြုကိုးကွယ်ရန် သတ်မှတ်ထားသော နေ့ဖြစ်သော်လည်း၊ လက်တွေ့ လိုက်နာရမည့် များစွာသော စည်းကမ်းဥပဒေများ ဖြည့်စွက်ထားသည်။ ထို့ကြောင့် သာမန်လူတို့သည် သတိမမူမိ၍ ဥပုသ်စည်းကမ်း ချိုးဖောက်မိမှာကို အလွန်ကြောက်ကြသည်။

[ ထွက်မြောက်ရာကျမ်း ၂၀း၈-၁၁၊ ၂၃း၁၀-၁၂၊ ဝတ်ပြုရာကျမ်း ၂၅၊ ရှင်မဿဲခရစ်ဝင် ၁၂း၁-၁၄၊ ရှင်မာကုခရစ်ဝင် ၂း၂၃- ၂၈၊ ရှင်လုကာခရစ်ဝင် ၆း၁-၁၁။ ]

ပုံတူထုလုပ်သောအရာ (Idols)

ဘာသာရေးဆိုင်ရာကျင့်သုံးမှုများ

(Religious Practices)

 

ပုံတူထုလုပ်သောအရာ (Idols)

ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသည့် ထာဝရဘုရားသခင်မှအပ မည်သည့်အရာဝတ္ထုမဆို ကိုးကွယ်ခြင်းသည် ပုံတူထုလပ်သောအရာ ကိုးကွယ်ခြင်း ဖြစ်သည်။ စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ထာဝရဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား မည်ကဲ့သို့ အသက်ရှင်ပြီး၊ သူ့အား မည်ကဲ့သို့ ကိုးကွယ်ရမည်အကြောင်း မိန့်ကြားခဲ့သည်။ ထို့ကြောင့် အစ္စရေးလူမျိုးများသည် ပုံတူထုလုပ်သောအရာမျိုးစုံ ကိုးကွယ်သော အိမ်နီးနားချင်းနိုင်ငံများထက် တမူထူးခြားကြခြင်း သည် တချို့သော ရုပ်ထုများသည် သစ်သား၊ ရွံ့၊ ရွှေ နှင့် ငွေတို့ဖြင့် ထုလုပ်ထားသည်။ ရုပ်ထုတွင် လူသားတို့၏ ဝိညာဉ်မဟုတ်သော ဝိညာဉ်မျိုးပါရှိသည်ဟု ယုံကြည်ကာ ကိုးကွယ်ကြခြင်း ဖြစ်သည်။ လူသားများထက် ကြီးမားပြီး တန်ခိုးပို၍ ကြီးသည်ဟု ယူဆသောအရာများ မိမိတို့က နားမလည် ရှင်းမပြနိုင်သော အရာများဟု ယူဆကာ ကိုးကွယ် ကြသည်။

ဖြောင့်မတ်မှန်ကန်သော အသက်သာကို ရုပ်တုများက ဂရုမစိုက်ကြောင်း လူများက မဆင်ခြင်ကြချေ။ ရုပ်တုကိုးကွယ်ခြင်းတွင် ကလေးများကို ယဇ်ပူဇော်ခြင်း ပြည့်တန်ဆာများနှင့် ဆက်ဆံခြင်း၊ ကိုယ်ခန္ဓာလှီးဖြတ်ခြင်းများ ဒွန်တွဲပါဝင်လေ့ရှိ သည်။

ထာဝရဘုရားသခင်သည် အစ္စရေးလူမျိုးများအား ပုံတူထုလုပ်သောအရာ နှင့် ပုံတူထုလုပ်သောအရာကိုကိုးကွယ်သူများမှ ကင်းကင်းရှင်းရှင်း အသက်ရှင်ကြရန် အမိန့်ပေးခဲ့သည်။ သို့သော် အစ္စရေးလူမျိုးတို့သည် ဘုရားသခင်၏ အမိန့်တော်ကို နားမထောင်ဘဲ ရုပ်ထုများကိုးကွယ်လေ့ရှိကြသည်။ သူတို့သည် မိမိတို့၏ အိမ်နီးနားချင်းတိုင်းနိုင်ငံများနည်းတူ အသက်ရှင်ချင်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ မနာခံ ခြင်းကြောင့် ထာဝရဘုရားသခင်က အပြစ်ပေးခဲ့သည်။

ဓမ္မသစ်ကျမ်းခေတ် ဂျူးလူမျိုးများ ရောမအုပ်ချုပ်မှုအောက်၌ ရောက် နေချိန်တွင် ဧကရာဇ်မင်းအား ဘုရားတစ်ဆူကဲ့သို့ ယုံကြည်ကိုးကွယ်ကြသည်။ မင်းသည်လည်း မိမိနှင့်တူအောင် ထုလုပ်ထားသော ရုပ်ထုအား ပြည်သူပြည်သားများက အမွှေးနံ့သာများဖြင့် ပူဇော်စေချင်သည်။

[ ထွက်မြောက်ရာကျမ်း ၂၀း၃-၅၊ ၂၃း၂၄၊ တရားဟောရာကျမ်း ၁၈း၉-၁၄၊ ဓမ္မရာဇဝင်တတိယစောင် ၁း၁၈-၄၀ ရောမ ၁း၁၈-၂၅၊ ၁ ကော ၁း၁၉-၂ဝ၊ ဧဖက် ၅း၅၊ ‌ကောလောသဲ ၃း၅။ ]

တရားဇရပ်များ (Synagogues)

တရားဇရပ်များ (Synagogues)

မြို့တိုင်းတွင် ဓမ္မဟောင်းကျမ်း ဖတ်ကြားနားထောင်ရန် လူများစုဝေးရာ တရားဇရပ် ရှိသည်။

“တိုရာ”ကျမ်းကို ကျွမ်းကျင်သော “ရဗ္ဗုနိ” (Rabbi) ခေါ် ဓမ္မဆရာများက ဖတ်ရှုဆွေးနွေးခွင့်ရှိပြီး၊ သူတို့၏ ခံယူချက်အတိုင်း ကျမ်းပိုဒ်များ ရှင်းပြနိုင်သည်။ တရားဇရပ်တိုင်းတွင် ခေါင်းဆောင်များက မိမိတို့၏ သတ်မှတ်ချက်အတိုင်း ရွေးချယ်ကြသော ဓမ္မဆရာ “ရဗ္ဗုနိ”များ ရှိသည်။ သူတို့က “တိုရာ”ကျမ်းစာကို ဟေဗြဲ ဘာသာဖြင့် ဖတ်ပြီး “အာရမစ်” (Aramaic) ဘာသာဖြင့် ဘာသာပြန်ပေးရသည်။ သို့ မှသာ ပရိသတ်က သဘောပေါက်သည်။

မည်သည့်မြို့တွင်မဆို ဂျူးအမျိုးသားဆယ်ဦးရှိသော မြို့တိုင်းတွင် တရားဇရပ် တည်ဆောက်နိုင်သည်။ အဆောက်အဦးကို များသောအားဖြင့် တောင်ကုန်းပေါ်တွင် ကျောက်ဖြင့်တည်ဆောက်၍ တောင်ဘက်စွန်းတွင် တံခါးပေါက်ရှိသည်။ ဝတ်ပြုနေရာသာမက ဂျူးလူမျိုးယောက်ျားကလေးများအတွက် ပညာသင်ယူရာကျောင်းဖြစ်သည်။ ဆရာဟူသော အနက်အဓိပ္ပာယ်ရှိသည့် ရဗ္ဗုနိခေါ် ကျမ်းတတ် ပုဂ္ဂုလ်များက တရားဇရပ်တွင် နှုတ်ကပတ်တော်များ သင်ပေးရသည်။

ကျမ်းပိုဒ်များ ရေးသားထားသည့် စာလိပ်များကို တရားဇရပ်ရှိ သေတ္တာ သို့မဟုတ် ဗီရိုထဲတွင် သိမ်းထားကြသည်။ မြို့တိုင်းရှိ တရားသူကြီးအဖွဲ့များသည်လည်း တရားဇရပ်တွင် တွေ့ဆုံလေ့ရှိကြသည်။

[ ရှင်မဿဲခရစ်ဝင် ၁၀:၁၇၊ ရှင်မာကုခရစ်ဝင် ၁း၂၁-၂၂၊ ရှင်လုကာခရစ်ဝင် ၄း၁၄-၂၁။ တမန်တော်ဝတ္ထု ၁၃း၁၄-၁၅၊ ၁၇း၁-၃။ ]

ဗိမာန်တော် (Temple)

ဗိမာန်တော် (Temple)

အစ္စရေးနိုင်ငံတစ်ဝှမ်းရှိ ဂျူးလူမျိုးများ၏ ဘုရားဝတ်ပြုသောနေရာသည် ယေရုရှလင် ဗိမာန်တော်ပင်ဖြစ်သည်။ တဲတော်အား အစားထိုးသောနေရာဖြစ်ရာ ယေရုရှလင်မြို့ပြင်၌ နေထိုင်သူများအတွက် တစ်နှစ်တစ်ခါ လာရောက် ပူဇော်ဝတ်ပြုခြင်းမှလွဲ၍ ရည်ရွယ်ချက်နှင့် အမှုကိစ္စအားလုံး တူညီသည်။

ပထမဦးဆုံး ဗိမာန်တော်ကို ရှောလမုန်မင်းကြီးက တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာမြင့်အောင်တည်ဆောက်ပြီး အလွန်ထည်ဝါလှပသော အဆောက်အဦး ဖြစ်သည်။ ယေရုရှလင်မြို့အား လာရောက်သိမ်းပိုက်ပြီး၊ ဗိမာန်တော်အား မီးရှို့ဖျက်ဆီးခဲ့သည်။ နှစ်ပေါင်းတစ်ရာခန့်ကြာသောအခါ ဟေရုဒ်မင်းက ဗိမာန်တော်ကို တိုးချဲ့၍ ယခင် ဗိမာန်တော်ထက်ပို၍ လှပအောင် ကျောက်ဖြူနှင့် ရွှေများဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုသို့ ဆောက်လုပ်ပြီးစီးရန် နှစ်ပေါင်း (၈၃)နှစ်တင်းတင်းကြာခဲ့သော်လည်း မကြာမီ ရောမလူမျိုးများက လာရောက်ဖျက်ဆီးခဲ့ပြန်သည်။ ယနေ့ထိတိုင် ဗိမာန်တော်ကြီးကို ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးချေ။

[ ဓမ္မရာဇဝင်တတိယစောင် ၆း၇၊ ရာဇဝင်ချုပ်ဒုတိယစာစောင် ၃-၆၊ ဧဇရ၊ ၁း၃၊ ၃း၁၂။ ရှင်မာကုခရစ်ဝင် ၁၂:၄၁၊ ၁၃း၁၊ ၁၅း၃၈၊ ရှင်လုကာခရစ်ဝင် ၂:၂၂-၂၄၊ ၄၆-၄၉၊ ရှင်ယောဟန်ခရစ်ဝင် ၂း၁၃-၃ဝ၊ ၁၀:၂၃၊ တမန်တော်ဝတ္ထု ၃း၂၊ ၁၁၊ ၅း၁၂၊ ၂၁:၂၆-၂၈။ ]

1 3 4 5 6 7 59