အာဒံနှင့်ဧဝ

အာဒံနှင့်ဧဝ
(ပထမဦးဆုံးလူသားနှင့် အသက်ရှင်သူအပေါင်းတို့၏အမိ)

ဖန်ဆင်းခြင်း၏ ဆဌမနေ့မှာတော့ ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာကြီးသည် ရှုမငြီးဖွယ် တင့်တယ်လှပနေပြီ ဖြစ်တယ်။ မြက်ခင်းပြင်ကြီးများ စိမ်းလန်းနေကြပြီး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာကာ ကျေးငှက်တိရစ္ဆာန်တို့၏ အော်မြည်သံများကလည်း သစ်တောများတလျှောက် ရိုက်ခတ်လျက်ရှိတယ်။

သို့သော် ကမ္ဘာကြီးပေါ်၌ လူဟူ၍ မရှိသေးပါ။ ထို့အတူ အိမ်များ၊ ယာတောစိုက်ခင်းများနှင့် မြို့များလည်း မရှိသေးသော အချိန်ကာလဖြစ်တယ်။ သစ်ပင်အောက်၌ ဆော့ကစားနေသော ကလေးများကိုလည်း မတွေ့ရပေ။ ကမ္ဘာကြီးကတော့ လူယောကျ်ားနှင့် လူမိန်းမတို့ ဝမ်းမြောက်စွာ နေထိုင်ဖို့ရန် အသင့် ဖြစ်နေပြီ ဖြစ်တယ်။

“တဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ဝိညာဉ်ကို ပိုင်ဆိုင်ပြီး ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။”

အဲဒီနောက် ဘုရားသခင်သည် မြေမှုန့်ကို ယူ၍ လူကို ပုံသွင်းပြီး သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတယ်။ ပြီးတဲ့အခါ လူဟာ အသက်ရှင်သော သတ္တဝါအဖြစ်သို့ ရောက်လာတယ်။ ထိုပထမဦးဆုံး လူသားကို ဘုရားသခင်သည် အာဒံဟု အမည်နာမပေးတော်မူတယ်။

လူသားအတွက် နေစရာအိမ်အဘို့အလို့ငှာ ဘုရားသခင်သည် ဧဒင် အမည်ရှိသော ဥယျာဉ်ကို ပြုစုပြီး လူကို နေရာချတော်မူတယ်။ အာဒံ၏ တာဝန်မှာ ဧဒင်ဥယျာဉ်အား ထိန်းသိမ်းစောင့်ရှောက်ရန်ပင်ဖြစ်တယ်။ ဘုရားသခင်သည် သူဖန်ဆင်းထားသော တိရစ္ဆာန်များအားလုံးကို အာဒံရှိရာသို့ ခေါ်ဆောင်လာကာ အာဒံအား စိတ်ကြိုက်နာမည်ပေးစေခဲ့တယ်။ ထိုအခါမှ အာဒံသည် တိရစ္ဆာန်များတွင် အဖိုနှင့်အမ နှစ်မျိုးရှိကြောင်းကို သတိပြုမိတော့တယ်။

တကယ်တော့ အလွန်လှပပြီး လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဤဥယျာဉ်ကြီးထဲမှာ အာဒံအတွက် သင့်တော်သော အဖော်မရှိသေးပါ။ ထို့ကြောင့် “ထာဝရဘုရားသခင်ကလည်း ယောကျ်ားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။”

ဘုရားသခင်သည် အာဒံအား ကြီးစွာသော အိပ်ခြင်းနှင့် အိပ်စေတော်မူပြီး သူ၏ ကိုယ်မှ နံရိုးတစ်ချောင်းကို ထုတ်၍ လူမိန်းမအား ဖန်ဆင်းတော်မူတယ်။ အာဒံက သူမအား ဧဝ လို့ အမည်ပေးခဲ့တယ်။ သူတို့နှစ်ဦးဟာ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ ဘုရားသခင်နေရာချထားတဲ့ ဤဥယျာဉ်ကြီးထဲမှာ ပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ္။
ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂

မိဘများ။ ။

“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါသည်။” – ဆာလံကျမ်း ၁၃၉း၁၄။

 

ကလေးများ။ ။

၁။ အာဒံနှင့်ဧဝတို့အား မည်သူ ဖန်ဆင်းခဲ့သနည်း။

၂။ ဘုရားသခင် ဖန်ဆင်းထားသောတိရစ္ဆာန်များကို မည်သူ နာမည်ပေးခဲ့ပါသလဲ။

၃။ အာဒံနှင့်ဧ၀ နေထိုင်ခဲ့ရာ ဥယျာဉ်ကြီး၏အမည်ကို ဖော်ပြပါ။

ဘုရားသခင်၏ အံ့သြဖွယ်ဖန်ဆင်းခြင်း

ဘုရားသခင်၏ အံ့သြဖွယ်ဖန်ဆင်းခြင်း
(အစအဦး)

သမ္မာကျမ်းစာကို ဘုရားသခင်၌သာ အစပြုထားပါတယ်။ ဘုရားသခင်ဟာ အထက်အရပ်ရှိ လှပသော ကောင်းကင်ဘုံကို ဖန်ဆင်းခဲ့သလို၊ ကျွန်ုပ်တို့နေထိုင်ဖို့အတွက်လည်း ကမ္ဘာမြေကြီးကို ဖန်ဆင်းပေးခဲ့ပါတယ်။ တစ်ချိန်တုန်းက တစ်လောကလုံး အမှောင်ဖုံးပြီး၊ ကျေးငှက်၊ တိရစ္ဆာန်တွေလည်းမရှိ၊ ကလေးငယ်တွေရဲ့ ရယ်မောသံတွေလည်း မရှိတဲ့ ကာလတစ်ခု ရှိခဲ့ဖူးတယ်။

ဒီအချိန်မှာပဲ အလင်းဖြစ်စေဖို့၊ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာတယ်။ ချက်ခြင်းဆိုသလို အလင်း ဖြစ်ပေါ်လာတယ်။ ဘုရားသခင်က အလင်းနဲ့ အမှောင်ကို ခွဲခြားလိုက်ပြီး အလင်းကို နေ့၊ အမှောင်ကို ည ဆိုပြီး နာမည် သတ်မှတ်ပေးလိုက်တယ်။ ဒါတွေဟာ ဖန်ဆင်းခြင်းရဲ့ ပထမဦးဆုံးနေ့မှာ ဖြစ်တယ်။

ဒုတိယနေ့မှာတော့ ဘုရားသခင်က သာယာလှပတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့လုပ်ငန်းကြီးကို စတင်လိုက်ပါတယ်။ မိုးကောင်ကင်နဲ့ ရေကို သတ်သတ်စီခွဲထုတ်ပစ်လိုက်တယ်။ ဒီတစ်ခါမှာ တိမ်တောင်၊ တိမ်တိုက်တွေနဲ့ အပြာရောင် မိုးကောင်ကင်ကြီး ပေါ်ထွက်လာတယ်။

တတိယနေ့မှာ ဘုရားသခင်က ကုန်းမြေကို ပေါ်စေပြီး၊ ရေများကို ပင်လယ်၊ မြစ်ချောင်းများ အဖြစ် ပြောင်းလဲ စုစည်းပြီး စီးဆင်းစေခဲ့တယ်။ လွင်ပြင်၊ တောင်ကုန်း၊ တောင်တန်းများကိုလည်း မြက်ပင်၊ ပန်းပင်၊ စပျစ်ပင်၊ သစ်ပင်များနဲ့ ပြည့်စေတယ်။ သရက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးနဲ့ ဒူးရင်းသီးများကိုလည်း သစ်ပင်များနဲ့ ချုံပင်များတို့၌ သီးစေတော်မူတယ်။

စတုတ္ထနေ့မှာတော့ နေ့ ဟု ခေါ်ဝေါ်သည့် ဝါဝင်းတောက်ပသော အလင်းအိမ်ကြီးကို ကောင်းကင်မှာ ချိတ်ဆွဲလိုက်တယ်။ ညနေပိုင်းမှာတော့ ကြည်လင်လင်းလက်သည့် လ နဲ့တကွ မြောက်မြားလှစွာသော ကြယ်တို့ကိုလည်း အတန်းလိုက် နေရာချတော်မူတယ်။

ပဥ္စမမြောက်နေ့မှာတော့ နေရာတိုင်းမှာ ဝက်ဝက်ကွဲဆူညံနေတယ်။ ဘုရားသခင် ဒီနေ့မှာတော့ ဘာများ ဖန်ဆင်းမိပါလိမ့်။ ဒီနေ့မှာတော့ မိုးကောင်ကင်အပြည့် ပျံသန်းနေသော ငှက်များနဲ့ ရေမှာကူးခတ်နေသော ငါးများကို ဖန်ဆင်းတော်မူတယ်။ ဖန်ဆင်းရာမှာလည်း အရောင်စုံ၊ အရွယ်အစားမျိုးစုံနှင့် ပုံစံမျိုးစုံ ဖန်ဆင်းတော်မူတယ်။ ဝေလငါး၊ ရွှေငါး၊ ဘဲငန်း၊ ငှက်ကုလားအုတ်နဲ့ ကြိုးကြာငှက်တို့ဟာ ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများအထဲက အချို့သာ ဖြစ်တယ်။

သားယဉ် သားရဲများနှင့် တွားသွားတတ်သော သတ္တဝါမျိုးစုံတို့ကို များပြားစွာ မွေးဖွားပေးစေဟု အမိန့်တော် ရှိသည့်အတိုင်း ဆဌမနေ့၌ များပြားစွာ မွေးဖွားကြကုန်တယ်။ နွားများ၊ မြင်းများ၊ သိုးများ၊ ခွေးများ၊ ကြောင်များကို ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ ယုန်တို့နှင့်အတူ ဖန်ဆင်းတော်မူတယ်။ ဒါဟာ ဆဌမနေ့မှာ ဘုရားသခင်ဖန်ဆင်းမဲ့ ပထမဦးဆုံးလူသားအတွက် အလွန်ထူးခြားသော မွေးနေ့လက်ဆောင်ပင်ဖြစ်တယ်။ ထိုသူ၏ အမည်ကို သင်သိပါသလား။ နောက်လာမည့် အခန်းမှာတော့ သူ့အကြောင်းကို သင် ဖတ်ရှုရမှာပါ။

သတ္တမနေ့မှာတော့ ဘုရားသခင်ဟာ ဖန်ဆင်းတော်မူသော အရာများတို့ကို ပြီးစီးပြီးဖြစ်သည့်အတွက် ငြိမ်ဝပ်စွာ နေတော်မူတယ်။ သန့်ရှင်းတဲ့နေ့လို့လည်း မှည့်ခေါ်ခဲ့တယ်။
ကမ္ဘာဦးကျမ်း ၁၊ ၂း ၁-၃

မိဘများ။ ။

“ယခုမြင်ရသောအရာတို့သည် အရင်က ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။” – ဟေဗြဲသြဝါဒစာ ၁၁း၃။

ကလေးများ။ ။
၁။ ခပ်သိမ်းသောသက်ရှိ၊ သက်မဲ့တို့ကို အဘယ်သူ ဖန်ဆင်းသနည်း။
၂။ ဘုရားသခင်ဖန်ဆင်းသောအရာများထဲမှ အချို့သောအရာများကို သင် ပြန်ပြောပြနိုင်ပါမည်လား။
၃။ ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းရန် အချိန်ဘယ်နှစ်ရက် အသုံးပြုခဲ့ပါသလဲ။