7.Call of Abraham

Genesis 11:26-32, Genesis 12:1-20

Chapter 11

26 တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။

27 တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။

28 ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။

29 အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။

30 စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။

31 တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။

32 တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။

map-abraham-journey-2

Chapter 12

1 ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။

2 ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။

3 သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။

4 ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။

5 အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။

6 အာဗြံသည် ထိုပြည်ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြရ၏။

7 ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။

8 ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။

9 အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။

10 ထို့နောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တပြည်၌ တည်းခိုးခြင်းငှါ သွားလေ၏။

11 အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ၏။

12 အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်။

13 သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစား လိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသကချမ်းသာ ရလိမ့်မည်ဟု ဆို၏။

14 အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။

15 ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင်၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။

16 ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။

17 ထာဝရဘုရားသည် အာဗြံ၏ မယားစာရဲအတွက်ကြောင့်၊ ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသော ဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။

18 ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍၊ သင်သည်ငါ၌ ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့် မပြောသနည်း။

19 ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏ မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။

20 ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသော ဥစ္စာနှင့် တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။

promise-to-abraham
#BibleTelling – All the Stories of the Bible

6. The World after the Flood

Genesis 9:20-28, Genesis 10, Genesis 11:1-26
004-tower-babel

Chapter 9

20 နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။

21 စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိထဲ၌ အဝတ်မခြုံဘဲနေလေ၏။

22 ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကို နှစ်ယောက်ကို ပြောလေ၏။

23 ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာ တင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ။

24 နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊

25 ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။

26 တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။

27 ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲသို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။

28 နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ် သုံးရာငါးဆယ် အသက်ရှင်၍၊

Chapter 10

1 ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့။

2 ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိုက်တည်း။

3 ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ် တော်ဂမတည်း။

4 ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။

5 ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။

6 ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။

7 ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။

8 ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။

9 ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။

10 သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။

11 ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊

12 နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။

13 မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊

14 ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း။

15 ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။

16 ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိ လူ၊

17 ဟိဝိ လူ၊ အာကိလူ၊ သိနိလူ၊

18 အာဝဒိ လူ၊ ဇေမရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ၏။

19 ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။

20 ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်အပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများ ဖြစ်သတည်း။

21 ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။

22 ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။

23 အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။

24 အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။

25 ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။

26 ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊

27 ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊

28 ဩဗလအဘိမေလ၊ ရှေဘ၊

29 ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။

30 သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။

31 ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း တို့၌နေသော ရှေမသားများဖြစ်သတည်း။

32 ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။

Chapter 11

1 မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊

2 အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။

3 သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊

4 လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။

5 ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။

6 ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။

7 လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။

8 ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။

9 သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။

10 ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။

11 အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။

12 အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။

13 ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

14 ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။

15 ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

16 ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။

17 ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

18 ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။

19 ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။

20 ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။

21 စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

22 စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကို မြင်လေ၏။

23 နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

24 နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။

25 တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

26 တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။

towerbabel-760x245

#BibleTelling – All the Stories of the Bible

5.The Flood

ရေလွှမ်းမိုးခြင်း

ဖတ်ရန်။ ။ ကမ္ဘာဦးကျမ်း ၆း၁-၉း၁၇။


မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊ ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။ ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။ ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။

မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။ ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။

နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။
ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။ လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။ အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။ အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။
သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။

ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။ မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊ မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။ အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။ မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။

ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍ ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။ ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏။ နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊ အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။ ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။ သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး၊ အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။ ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။ ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။

တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။ မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။

ရေကျသွားပြီ


ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင် သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ၏။ နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။ ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား၍၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ၏။ သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။ ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ၏။ ထိုအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့်၍၊ ကျီး တကောင်ကို လွှတ်လေ၏။ ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။ တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။

မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။ တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။ ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့်၊ မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။ အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။ ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ၏။ ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။

ကမ္ဘာမြေကြီးအတွက်ထာဝရဘုရား၏ကတိတော်

နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။ မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

နောဧအားဘုရားသခင်ပေးခဲ့သောကတိ

ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ သင်တို့သည် သားကိုဘွား၍များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။

တဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သား တို့ကို မိန့်တော်မူသည်ကား၊ သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊ သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။ သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။ ငါသည် မိုဃ်းကို အုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။ ထိုအခါငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင် သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ ပဋိညာဉ်ကိုငါ အောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါ တို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဏ်ကို ငါအောက်မေ့မည်။ ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏ စပ်ကြားမှာ၊ ငါမြဲဖွဲ့သော ပဋိညာဏ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု နောဧ ကို ဘုရားသခင်မိန့်တော်မူ၏။
#BibleTelling – All the Stories of the Bible

4.Cain and Abel

ကာဣနနဲ့အာဗေလ

ဖတ်ရန်။ ။ ကမ္ဘာဦးကျမ်း ၄း၁-၁၆။


ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။ တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ် သောသူဖြစ်၏။
အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့၊ မြေအသီးကို ဆောင်ခဲ့၏။ အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။ ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။
ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက် သနည်း။ သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။ ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီ အာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။
ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။ သို့ဖြစ်၍သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်၊ ယခုမှစ၍ မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော။ အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည်။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို၏။
ထာဝရဘုရားကလည်း သို့ဖြစ်၍ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူ၌ အမှတ်ပေးတော်မူ၏။ ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား၍၊ ဧဒင်ပြည် အရှေ့၊ နောဒပြည်တွင် နေလေ၏။
#BibleTelling – All the Stories of the Bible

3.The Fall

အပြစ်ထဲကျဆုံးခြင်း

ဖတ်ရန်။ ။ ကမ္ဘာဦးကျမ်း ၂း၂၅- ၃း၂၄။

ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။
ပထမအပြစ်
မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်၊ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။ နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။

ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။ လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။ သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။ သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင် သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။ ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။ ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၏။ လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
#BibleTelling – All the Stories of the Bible

1 2