အဝတ်အထည် (Clothing)

အဝတ်အထည် (Clothing)

ယောက်ျား မိန်းမ၊ အသက်အရွယ်မရွေး အေးသောရာသီတွင် သိုးမွေး ထည်ဝတ်ပြီး ပူပြင်းခြောက်သွေ့သောရာသီတွင် လျှော်ချည်ဖြင့်ရက် သော အဝတ်အစားများဝတ်ဆင်ကြသည်။ ဆင်းရဲသားများ ဝတ်ဆင်သော ရိုးရိုးသာမန်ရက်ထားသည့် အဝတ်အစားများသည် ခေတ်အဆက်ဆက်ပုံစံ ပြောင်းလဲမှုမရှိလှချေ။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲသားများသည် ခရီးဝေးဝေးမသွားကြသဖြင့် ပြင်ပလွှမ်းမိုးမှု မခံရကြချေ။ ချမ်းသာသောသူများသည် ရောမများ ဂရိများ၏ဝတ်စားဆင်ယင်မှုကို အတုခိုးပြီး ပုံစံပြောင်းလဲမှုကို စိတ်ဝင်စားကြသည်။

ဆင်းရဲသားများ၏ အဝတ်အစားများသည် သိုးမွေး သို့မဟုတ် လျှော်ချည်ဖြင့် ရက်လုပ်၍ အဖြူရောင်၊ မီးခိုးရောင်နှင့် အညိုရောင်ရှိသည်။ ချမ်းသာသောသူများသည် အရောင်အမျိုးမျိုးစပ်၍ ပုံစံအမျိုးမျိုးဝတ်ဆင်ကြသည်။ ချမ်းသာခြင်း၊ တန်ခိုး အာဏာရှိခြင်း၏ အမှတ်လက္ခဏာအဖြစ် သတ်မှတ်ကြသော အနီရောင်နှင့် ခရမ်းရောင်များ အထူးနှစ်သက်ကြသည်။

အမျိုးသားဝတ်စုံသည် အတွင်းဝတ်စုံနှင့် အပြင်ဝတ်လုံဖြစ်သည်။ သာမန် အလုပ်သမားများသည် အတွင်းဝတ်စုံသာရှိတတ်ကြသည်။ ချမ်းသာသောသူများအတွက် လူအများရှေ့တွင် အတွင်းဝတ်စုံသာဝတ်ဆင်ခြင်းသည် မတွေးဝံ့စရာပင် ဖြစ်သည်။ အလုပ်ကြမ်းလုပ်သောအခါ အတွင်းဝတ်စုံရှည်ကို ခါးတောင်းကြိုက်၍ ခြေကြားတွင်ထားပြီး၊ ရှေ့ဘက် ခါးပတ်တွင်သွင်းလိုက်သည်။ ဤသို့ဖြင့် လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။

အမျိုးသားများ၏ အပြင်ဝတ်လုံဆိုသည်မှာ ဝတ်ရုံကိုဆိုလိုသည်။ ခန္ဓာကိုယ် ကိုပတ်ထား၍ ကုတ်အင်္ကျီလက်ရှည်ကဲ့သို့ ချုပ်ထားသည်။ ဝတ်ရုံများကို ဇာပန်းထိုးများဖြင့် အလှဆင်ထားလေ့ရှိသည်။ ဆင်းရဲသားများက ဝတ်ရုံကို ညအခါ စောင်အဖြစ်ခြုံကြသည်။

အလုပ်လုပ်သောအချိန်တွင် ဦးခေါင်းကို အဝတ်နှင့်ပတ်ထားကြသည်။ ခေါင်းဖုံးမှာ တစ်ခါတစ်ရံ ပိတ်စဖြင့် ရစ်ပတ်သော ဦးထုပ်မျိုးဖြစ်ပြီး၊ တစ်ခါတစ်ရံ လေးထောင့်ပိတ်စကို ခေါင်းပေါ်အစတင်၍ ဖုံးအုပ်လိုက်ပြီး၊ ပိတ်စပိုင်းနှင့် နောက်ပြန်ချည်လေ့ရှိသည်။

[ ကမ္ဘာဦးကျမ်း ၃၇း၃၊ ၃၈း၁၄။ ဓမ္မရာဇဝင်ပထမစောင် ၂း၁၈၊၁၉။ ဓမ္မရာဇဝင်ဒုတိယစောင် ၁၃း၃၈-၃၉။ ဟေရှာယအနာဂတ္တကျမ်း ၃း၁၆-၂၄။ ရှင်မဿဲခရစ်ဝင် ၃း၄။ ရှင်ယောဟန်ခရစ်ဝင် ၁၉း၂၃၊ ၂၄၊ ၂၁း၇။ ]