ကားတိုင်တင်သတ်ခြင်း (Crucifixion)

ကားတိုင်တင်သတ်ခြင်း (Crucifixion)

ကားတိုင်တင်သတ်ခြင်းသည် သူပုန်များနှင့် သူခိုးများအတွက် ရောမတို့ အသုံးပြုသော အပြစ်စီရင်ခြင်းတစ်မျိုးဖြစ်သည်။ အပြစ်ကျူးလွန်သူကို ကြက်ခြေ ခတ်ထားသော သစ်သားနှစ်ချောင်းပေါ်သို့ လက်နှစ်ဖက်ဆန့်တန်းစေပြီး ခြေနှင့်လက်များ သံဖြင့်ရိုက်ထားကာ တိုင်ပေါ်တွင် တွဲချည်ထားသည်။ ထို့နောက် တူးထားသော ကျဉ်းပေါက်တွင် ကားတိုင်ကို စိုက်ထူရပါသည်။

နာကျင်သော ဝေဒနာကို ကြာမြင့်စွာ ခံစားပြီး ယုတ်ညံ့စွာ သေဆုံးစေခြင်း ဖြစ်သည်။ များသောအားဖြင့် လူအများက တွေ့မြင်နိုင်ရန် လူသူစည်ကားသော လမ်းမဘေးတွင် ကားတိုင်တင်သတ်လေ့ရှိသည်။

ရောမတို့၏ ယူဆချက်မှာ ထိုသို့ပြုခြင်းဖြင့် လူအများက တရားဥပဒေကို ပို၍လေးစားကြရန် ဖြစ်သည်။ ကားတိုင်တင်ပြီး အတန်ကြာသောအခါ ရောမစစ်သားများက မြန်မြန်သေစေရန် ခြေကို ရိုက်ချိုးလေ့ရှိကြသည်။

လူတစ်ဦးအား ဥပုသ်နေ့မတိုင်ခင်နေ့၌ ကားတိုင်တင်ပါက မြန်မြန်သေပြီး အလောင်းကို ကားတိုင်ပေါ်မှ မြန်မြန်ပြန်ချနိုင်ရန်အတွက် ခြေထောက်ရိုက်ချိုးကြသည်။ ဥပုသ်နေ့တွင် ကားတိုင်ပေါ် လူသေလောင်းမထားရန် ဂျူးဥပဒေက ပြဌာန်းထားသည်။

ရောမနိုင်ငံသားများက ကားတိုင်တင်သတ်ခြင်းမှ ကင်းလွတ်ကြသည်။ ဂျူးအမျိုးသားအများစုမှာ ရောမအုပ်ချုပ်မှုအောက်တွင်ရှိနေကြသော်လည်း ရောမနိုင်ငံသား မခံယူခဲ့ကြပေ။

[ တရားဟောကျမ်း ၂၁:၂၃၊ ရှင်လုကာခရစ်ဝင် ၂၃း၂၆-၄၈၊ ရှင်ယောဟန်ခရစ်ဝင် ၁၉း၁၇-၂၄၊ ၃၁-၃၇၊ ၂၀:၂၅-၂၇။ ]