မိသားစုများနှင့် လူမှုဆက်ဆံရေး (Families and Social Life) နိဒါန်း (Introduction)

မိသားစုများနှင့် လူမှုဆက်ဆံရေး

(Families and Social Life)

နိဒါန်း (Introduction)

ဓလေ့ထုံးစံဆိုသည်မှာ အိမ်ထောင်မိသားစုများ၏နေ့စဉ်အသက်ရှင်ပုံနှင့် အခြားမိသားစုများနှင့် မည်ကဲ့သို့နေထိုင် ဆက်ဆံကြပုံကိုဆိုလိုသည်။ သမ္မာကျမ်းစာခေတ် ဂျူးလူမျိုးအများစုသည် တောနယ်ဒေသအနှံ့ အိမ်ခြေရာနှင့်ချီသော ကျေးရွာများတည်ကာ လယ်လုပ်ပြီးနေထိုင်ကြသည်။ လယ်လုပ်ခြင်း၊ သိုးထိန်းခြင်းနှင့် ကုန်သွယ်ခြင်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရာ တစ်ရက်ခရီးထက်ဝေးသော ဒေသသို့ ခရီးထွက်လေ့မရှိကြပေ။ ဘာသာတရား ကိုင်းရှိုင်းသောသူများသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ ဘုရားဝတ်ပြုရန် တစ်နှစ်တစ်ခါ သွားကြသည်။

ယေဘုယျအားဖြင့် ကျေးရွာများတွင် လူဦးရေနည်းပါးသည်။ ရွှံ့အုတ်ခဲဖြင့် ဆောက်လုပ်ထားသော တစ်ထပ်အိမ်ငယ်များတွင် နေကြသည်။ ကျေးရွာများကို တောင်စောင်းနှင့် မြေပြန့်ဒေသများတွင် တည်ထားကြပြီး၊ အိမ်များတစ်လုံးနှင့် တစ်လုံး နီးကပ်စွာ ဆောက်လုပ်ကြသည်။ ရွာလယ်တွင် စတုရန်းပုံမြေကွက်လပ်ရှိရာ ရပ်ကွက်အတွင်းရှိ လူသွားလမ်းအားလုံးသည် ၎င်းမြေကွက်လပ်ဆီသို့ ညွှန်ထားကြ သည်။ ၎င်းမြေကွက်လပ်တွင် များသောအားဖြင့် ရေတွင်းတူးထားကြသည့်အပြင်၊ သောကြာနေ့တိုင်း မွန်းလွဲပိုင်းတွင် လေဟာပြင်ဈေး ရောင်းကြသည်။

ကျေးရွာတိုင်းတွင် လက်သမား၊ အိုးထိန်းသည်၊ ရက်ကန်းသမား၊ သတ္တု အလုပ်သမားနှင့် ဖိနပ်ချုပ်သမားများရှိလေ့ရှိသည်။ လက်မှုကျွမ်းကျင်သူ၏သားသည် ဖခင်အားကူညီရာမှ လက်မှုအတတ်ပညာများ သင်ယူတတ်မြောက်ကြသည်။ကျေးရွာရှိတရားဇရပ်သည် နေ့ခင်းအချိန်တွင် ယောက်ျားကလေးများ၏ စာသင်ဆောင်ဖြစ်သည်။ ညနေစာ စားပြီးချိန်တွင် ယောက်ျားများ စုဝေးလာပြီး ဘာသာရေးဆိုင်ရာ ဝတ်ပြုခြင်းများ ပြုလုပ်ကြသည်။ နေ့အချိန်တွင် အမျိုးသမီးကြီးများနှင့် မိန်းကလေးများသည် အဆုံးမရှိနိုင်သော အိမ်မှုလုပ်ငန်းများလုပ်ကြပြီး၊ အလုပ်ပြီးပြီဟု ပြောမည့်အချိန် မရကြပေ။