နေအိမ်များ (Houses)

နေအိမ်များ (Houses)

နေအိမ်များကို များသောအားဖြင့် ကျောက်တုံး သို့မဟုတ် နေလှန်းထားသော ရွှံ့အုတ်ခဲများဖြင့် ဆောက်လုပ်ပြီး ထုံးဖြူသုတ်ကြသည်။ ပြတင်းပေါက်များသည် သူခိုးမဝင်နိုင်လောက်သော အပေါက်သေးများသာဖြစ်သောကြောင့် အိမ်ခန်းထဲတွင် မှောင်သည်။ ဆင်းရဲသားများနေအိမ်သည် တစ်ခန်းတည်းရှိသောအိမ်ဖြစ်၍၊  ကြမ်းပြင်နှစ်ဆင့်ရှိသည်။ ပို၍မြင့်သောကြမ်းပြင်တွင် လူများနေ၍၊ အောက်ကြမ်းပြင်တွင် တိရစ္ဆာန်များထားကြသည်။ ချမ်းသာသောသူများသည် နေအိမ်များတွင် အခန်းများစွာဖွဲ့ ထားကြသည်။ နှစ်ထပ်အိမ်များဆောက်ပြီး အပေါ်ထပ်တွင် နေကြသည်။ အိမ်ခြံဝင်းများလည်း ရှိကြသည်။

မှောင်နေသော အိမ်ခန်းနံရံနှင့်ကပ်၍ ကြမ်းပြင်မှ ငါးပေခန့်မြင့်သောနေရာတွင် အမြဲထွန်းသည့် ရွှံ့မီးခွက်ထားကြသည်။ မီးထွန်းရန် သံလွင်ဆီအသုံးပြုကြသည်။ ဆီမီးခွက်တွင် ဆီအနည်းငယ်သာဆံ့သောကြောင့် မကြာမကြာထပ်ထည့်ပေးရသည်။

အိမ်သုံးပရိဘောဂများမှာ ခြေတံတိုစားပွဲနှင့် ခွေးခြေများဖြစ်သည်။ ခုတင်အဖြစ် ဖျာများသုံးကြပြီး နေ့အချိန်တွင် လိပ်ထားကြသည်။ တစ်ခါတစ်ရံ နိမ့်သောသစ်သားဘောင်များပေါ် ဖျာခင်းပြီး အိပ်ကြသော်လည်း၊ များသောအားဖြင့် ကြမ်းပေါ်တွင် ဖျာခင်းအိပ်လေ့ရှိကြသည်။

ချက်ပြုတ်စားသောက်ရန်အသုံးပြုသော အိုးခွက်ပန်းကန်များကို ရွံ့မြေနှင့် ပြုလုပ်ထားပြီး၊ အညိုရောင် မွဲပြာရောင်များ ရှိကြသည်။ ချမ်းသာသောသူများသည် ရွှံ့မြေဖြင့်ပြုလုပ်သော ပန်းကန်များကို မဖုတ် ပုံစံအမျိုးမျိုးသွင်းထားကြသည်။ အိုးများကို ဆေးရောင်အမျိုးမျိုးချယ်ကြသည်။ အိမ်ရှင်မတိုင်းသည် မုန့်ညက်နယ်ရန် သစ်သားဇလုံတစ်လုံးစီရှိကြသည်။

အိမ်တိုင်းသည် ခေါင်မိုးပြား၍၊ အိမ်ပြင်မှ အိမ်ခေါင်မိုးပေါ်သို့ တက်နိုင်သော လှေကားရှိ ကြသည်။ မိသားစုများသည် ပူအိုက်သောရာသီတွင် လေအေးရရန်အတွက် အိမ်ခေါင်မိုးပေါ်တွင် အိပ်ကြသည်။ တစ်ခါတစ်ရံ မိုးပေါ်တွင် အဖီချသော တဲများ သို့မဟုတ် ဧည့်ခန်းများဆောက်ထားကြသည်။ အိမ်ခေါင်မိုးပတ်လည်တွင် နံရံနိမ့်များကာထား၍၊ လယ်ထွက်သီးနှံများ အခြောက်လှန်းရသည်။ မြို့များတွင် အိမ် များနီးကပ်စွာ ဆောက်ထားသောကြောင့် အိမ်ခေါင်မိုးပေါ်မှ ဖြတ်ကျော်၍ အိမ်နီးနားချင်းများသို့ သွားလည်နိုင်သည်။

အိမ်ဆောက်ရာတွင် အုတ်မြစ်သည် အလွန်အရေးကြီးသည်။ အဘယ် ကြောင့်ဆိုသော် မြေငလျင်လှုပ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နေအိမ်များပျက်စီးတတ်သောကြောင့်ဖြစ်သည်။ မာကြောသောမြေသား သို့မဟုတ် ကျောက်ပေါ်တွင် အိမ်အုတ်မြစ်တည်နိုင်ရန်အတွက် အိမ်ဆောက်သူများက မြေကြီးကို နက်နက်တူးပေးရသည်။

[ ဓမ္မရာဇဝင်တတိယစာစောင် ၄း၁ဝ၊ ရှင်မဿဲခရစ်ဝင် ၇း၂၄-၂၇၊ ၂၄း၁၇၊ ရှင်မာကုခရစ်ဝင် ၂:၄၊ ၁၃း၁၅၊ တမန်တော်ဝတ္ထု ၁၀း၉၊ ၁ကော ၃း၁၀။ ]