ဂျူးလူမျိုးတို့၏ရာသီပွဲများ (Jewish Feasts)

ဂျူးလူမျိုးတို့၏ရာသီပွဲများ (Jewish Feasts)

ဂျူးလူမျိုးတို့၏ များပြားသော ရာသီပွဲများသည် အမျိုးဘာသာသာသနာ အတွက် အရေးကြီးသော ကဏ္ဍဖြစ်သည်။ ဤရာသီပွဲများသည် အတိတ်အမျိုးသားသမိုင်းကို ပြန်လည်သတိရရန်နှင့် ပစ္စုပ္ပန်ကာလတွင် ခံစားသော ကောင်းကြီးများ ရေတွက်ရန် ဖြစ်သည်။ ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပကြသည်။ အတိတ်ကာလ ဘိုးဘေးများအပေါ် ထာဝရဘုရားသခင်ပြုခဲ့သောကျေးဇူးတော်များ ရေတွက်ချီးမွမ်းခြင်းဖြင့် အမျိုးသားစည်းလုံးမှု ပို၍ ခိုင်မာစေသည်။

 

လဆန်းတံပိုးမှုတ်ပွဲ (The Feasts of the Trumpets of the New Moon) တစ်ရှရီ (Tishri) ခေါ် ဂျူးတို့၏ နှစ်သစ်ကူးသော ပထမလတွင်ကျင်းပသည် (အောက်တိုဘာလအတွင်းကျသည်)။ တံပိုးများကို တစ်နေကုန်မှုတ်ကြသည်။ ဓမ္မသစ်ကာလ တွင် မောရှ၏ပညတ္တိကျမ်းကို လူထုပရိသတ်ရှေ့တွင် ဖတ်လေ့ရှိသည်။

 

အပြစ်ဖြေရာနေ့သည် (The Day of Atonement) ဘာသာတရားကိုင်းရှိုင်းသော ဂျူးလူမျိုးများအတွက် အလွန်အရေးကြီးသောနေ့ ဖြစ်သည်။ အရေးကြီးဆုံး ယဇ်ပရောဟိတ်သည် အမျိုးသားအားလုံး၏ အပြစ်ကို ဝန်ချတောင်းပန်၍ ယဇ်ပူဇော် ခြင်းပြုပြီး ဗိမာန်တော်၏ အသန့်ရှင်းဆုံးနေရာသို့ တစ်နှစ်လျှင် တစ်ကြိမ်ဝင်ရောက် ရသောနေ့ ဖြစ်သည်။ ယဇ်ပုရောဟိတ်တို့၏ အပြစ်ဖြေရန် နွားထီးဖြင့် ပူဇော်ပြီး ပြည်သူတို့၏ အပြစ်အတွက် ဆိတ်တစ်ကောင်ပူဇော်ရသည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ဒုတိယ ယဇ်ကောင်ဖြစ်သော ဆိတ်ပေါ်တွင် လက်တင်ပြီး သဲကန္တာရသို့ လွှတ်လိုက်သည်။ ထိုကဲ့သို့ လုပ်ခြင်းသည် လူများ၏ အပြစ်အားလုံး ယူဆောင်သွားခြင်း အဓိပ္ပာယ်ဆောင်သည်။ အကြီးဆုံး ယဇ်ပုရောဟိတ်တစ်ဦးတည်းသည် ဘုရားသခင် နာမတော်ကိုခေါ်၍ ဗိမာန်တော်၏ အသန့်ရှင်းဆုံးခန်းသို့ ဝင်ခွင့် ရှိသည်။ ဤနေ့သည် “တစ်ရှရီ”ခေါ် အောက်တိုဘာလအတွင်း ကျသည်။

[ ဝတ်ပြုရာကျမ်း ၂၃း၂၆-၃၂။ ]

 

တဲတော်ပွဲ (The Feast of Tabernacles) လူများသည် မိမိနေအိမ်မှထွက်၍ သစ်ကိုင်းများဖြင့် ပြုလုပ်သော ယာယီတဲတွင် ခုနှစ်ရက်တိုင်တိုင် ပျော်ရွှင်စွာကျင်းပရသော ပွဲဖြစ်သည်။ အီဂျစ်ပြန်ကျွန်ဘဝမှ ဘုရားသခင်ကတိပေးသော ပြည်သို့ ချီတက်ရာ ကန္တရခရီးတစ်လျှောက်တွင် သူတို့၏ ဘိုးဘေးများသည် တဲများထိုး၍ ကျင်လည်ခဲ့ပုံများ ပြန်လည်အောက်မေ့သတိရရန် ဖြစ်သည်။ ဤပွဲတော်သည် သားသမီးများအား အမျိုးသားရာဇဝင်ကို သင်ပေးသော အချိန်နှင့် ကောင်းမွန်စွာ ကောက်ရိတ်ရသောကြောင့်၊ ဘုရားသခင်အား ချီးမွမ်းသောအချိန် ဖြစ်သည်။ “တစ်ရှရီ” ခေါ် အောက်တိုဘာလတွင် ကျရောက်လေ့ရှိသည်။

[ တရားဟောရာကျမ်း ၁၆း၁၃-၁၅၊ ရှင်ယောဟန်ခရစ်ဝင် ၇း၂။ ]

 

အင်္ကနိပွဲတော် (The Feast of Dedication) ပွဲတော်ကျင်းပသော ရှစ်ရက် မြောက်နေ့တွင် မိသားစုတိုင်း ဖယောင်းတိုင်မီးထွန်းရသောကြောင့် မီးထွန်းပွဲဟု ကြခေါ်သည်။ မက္ကဘီး(စ်) တို့က ရှုရိများအား အနိုင်ယူခဲ့ပြီး ဗိမာန်တော်အား ပြန်လည်ဆက်ကပ်၍ မြင့်မြတ်သောဆီမီးများ ညှိခြင်းကို သတိရအောက်မေ့ရန် ကျင်းပသောပွဲ ဖြစ်သည်။ “ခြစ်စလဗ်” (chiclev) ခေါ် နိုဝင်ဘာလတွင် ကျင်းပသည်။

[ ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၂။ ]

 

ပုရပွဲ (The Feast of Purim) အာဒါလ (Adar) ခေါ် မတ်လတွင် ကျင်းပသည်။ ပါးရှားပြည်တွင် ကျွန်ခံနေစဉ်အတွင်းတစ်မျိုးသားလုံး အမျိုးပြုတ်သတ်ဖြတ်ခြင်း ခံရမည့် အခြေအနေမှ လွှတ်မြောက်ခဲ့ပုံကို သတိရသောပွဲဖြစ်သည်။ ပထမ တစ်ရက် အစာရှောင်ပြီးနောက် နှစ်ရက်တာ ဆက်လက်ကျင်းပရသော ပျော်ရွှင်စရာပွဲ ဖြစ်သည်။

[ ဧသတာဝတ္ထု ၉း၂၀-၂၂။ ]

 

တေကုတ္တေပွဲ (The Feast of Pentecost) နှစ်စဉ် ပဿခါ ပွဲကျင်းပပြီး ရက်ပေါင်း ၅ဝ ပြည့်သောနေ့တွင် ဘုရားသခင်ထံ ကောက်သစ်များ ဆက်ကပ်သောပွဲ ဖြစ်သည်။ “သိဝန်” (Sivan) ခေါ် ဇွန်လအတွင်း ကျင်းပလေ့ရှိသည်။ ဓမ္မသစ်ကာလတွင် ဂျူးလူမျိုးတို့သည် ပဿခါပွဲကျင်းပရန် ယေရုရှလင်မြို့သို့ လာလေ့ရှိကြသည်။ ထိုအချိန်တွင် ယဇ်ပုရောဟိတ်သည် မကြာမီက ရိတ်သိမ်းခဲ့သော  ဂျုံစေ့မှပြုလုပ်သော ပေါင်မုန့်နှစ်လုံး လှုပ်ရှားပြသည်။ ပြည်သူတစ်ရပ်လုံး ကိုယ်စားပြုသော ကိုယ်လက်အမူအရာ အထိမ်းအမှတ်တစ်ခု ဖြစ်သည်။

[ ဝတ်ပြုရာကျမ်း ၂၃း၁၅-၁၉၊ တရားဟောရာကျမ်း ၁၆း၉-၁၂၊ တမန်တော်ဝတ္ထု ၂း၁။ ]

 

ပသာခါပွဲ (Passover) “နိသန်”ခေါ် ဧပြီလအတွင်း ကျင်းပသော ပသခါ) သည် ဂျူးလူမျိုးများအတွက် အရေးကြီးဆုံး ပွဲတော်တစ်ခု ဖြစ်သည်။ အီဂျစ်ပြည်တွင် နှစ်ပေါင်းလေးရာကျော် ကျွန်ခံပြီးမှ ဘုရားသခင်က မည်ကဲ့သို့ လွတ်မြောက် စေခဲ့ကြောင်း ပြန်လည်သတိရရန် ကျင်းပသောပွဲ ဖြစ်သည်။ သေမင်းတမန်သည် အစ္စရေးတို့၏ အိမ်များကို ကျော်သွားပြီး၊ အီဂျစ်လူမျိုးတို့၏ သားဦးမှန်သမျှ သတ် ဖြတ်ခဲ့သောကြောင့် ပဿခါဟု ခေါ်သည်။ အစ္စရေးမိသားစုတို့အား သိုးငယ်ကို သတ် ပြီး တံခါးတိုင်ပေါ်တွင် သွေးသုတ်လိမ်းခြင်းဖြင့် သေမင်းတမန်က ထိုအိမ်ကို ကျော်သွားရန် ညွှန်ပြထားသည်။

ဤဖြစ်ရပ်ကို ပြန်လည်သတိရစေရန် ရက်သတ္တတစ်ပတ်ကြာသော ဤပွဲကို နှစ်စဉ်ကျင်းပကြသည်။ ယဇ်ပုရောဟိတ်များက ဗိမာန်တော်တွင် အပြစ်အနာအဆာကင်းသော သိုးသငယ်ကိုသတ်၍ ပူဇော်ရသည်။ ဂျူးမိသားစုများ သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းများ စုဝေး၍ ညနေပိုင်းတွင် ပဿခါ ညစာစားရန် တွေ့ဆုံကြသည်။ ညစာကို အစီအစဉ် စနစ်တကျ စားသောက်ကြသည်။

ပထမတွင် ဘိုးဘေးတို့၏ နှစ်ပေါင်းများစွာ ခံစားခဲ့သော ခါးသီးသည့် ကျွန်ဘဝကို ပုံဖော်ရန်အတွက် စပျစ်ရည်သောက်ပြီး သစ်ရွက်ခါးများ စားကြသည်။ ထို့နောက် အီဂျစ်ပြည်မှ ထွက်မြောက်လာရန် ပြင်ဆင်ချိန်တိုတောင်းလွန်းသည်ကို သတိရရန် သိုးသငယ်သားကင်နှင့် တဆေးမပါသော ပေါင်မုန့်စားကြသည်။ တဆေးမပါသော ပေါင်မုန့်ကို ပဿခါ ပွဲကာလအတွင်း နေ့စဉ်စားရပါသည်။

ဖော်ပြပါ ဘာသာရေးဆိုင်ရာ ရာသီပွဲတော်များသည် အမျိုးသားဇာတိမာန်နှင့် စည်းလုံးညီညွတ်မှု ခိုင်မာတိုးတက်လာစေရန်အတွက် သားသမီးများအား အမျိုးသားရာဇဝင်သင်ကြားပေးသော အချိန်ဖြစ်ပေသည်။

[ ထွက်မြောက်ရာကျမ်း ၁၂၊ တရားဟောကျမ်း ၁၆း၁-၈၊ ရှင်မသဲ ၂၆း၂၊ ရှင်မာကုခရစ်ဝင် ၁၄း၁၊ ရှင်လုကာခရစ်ဝင် ၂း၄၁-၄၂၊ ၂၂း၁၊ ရှင်ယောဟန်ခရစ်ဝင် ၁၂း၁၂၊ ၁၃း၁။ ]