အစေခံကျွန် (Slavery)

အစေခံကျွန် (Slavery)

ကျွန်ဆိုသည်မှာ တခြားလူတစ်ယောက်ကပိုင်ဆိုင်ပြီး တိရစ္ဆာန်ကဲ့သို့ အလုပ် ခိုင်းစေရသော လူဖြစ်သည်။ ကျွန်သည် မိမိအတွက် အချိန်နှင့်ဘဝပိုင်ဆိုင်မှု လုံးဝမရှိဘဲ ၊ သခင်ခိုင်းသမျှကိုလုပ်ပေးရသည်။ ဆင်ခြေပေး၍မရပါ။ လူသားကဲ့သို့ မဆက်ဆံရဘဲ ပိုင်ဆိုင်သောပစ္စည်းဥစ္စာ တစ်ခုကဲ့သို့ သဘောထားကြသည်။ သခင်က ရောင်းပိုင်ခွင့်ရှိသည်။

သမ္မာကျမ်းစာခေတ်တွင် ရောမအင်ပါယာအတွင်းသာမက ဂျူးလူမျိုးများအတွင်း ကျွန်စနစ်သည် မထူးဆန်းသော သာမန်စနစ်တစ်ခု ဖြစ်သည်။ လူမှုကျင့်ဝတ်ဆိုင်ရာ အမြင့်မြတ်ဆုံးသွန်သင်မှုဖြစ်သော မောရှေ့ပညတ်တွင် ကျွန်များနှင့်ပတ်သက်၍ နည်းဥပဒေများပြဋ္ဌာန်းထားသည်။ ဥပမာ၊ ခုနစ်နှစ်မြောက်တိုင်း ဥပုသ်နှစ်ဟုသတ်မှတ်ပြီး

ဂျူးလူမျိုးကျွန်များအား လွှတ်ပေးရသည်။ အခြား အမျိုးသားကျွန်များကို ဉပုသ်နှစ် ခုနစ်ကြိမ်မြောက်သော နှစ်ပေါင်း ၅၀ မြောက်နှစ်တွင် လွှတ်ပေးရသည်။ အကယ်၍ ကျွန်များသည် မိမိသခင်နှင့်သာ ဆက်လက်နေလိုလျှင် နားဖောက်ပြီး ရွှေကွင်းတစ်ကွင်း ဆင်ပေးရပါသည်။ ထိုအခါ ကျွန်သည် မည်သည့်အခွင့်အရေး ကောင်းပင် ရှိစေကာမူ သခင်ထံမှ မထွက်ပြေးတော့ဘဲ၊ သခင်သည်လည်း လုံးဝရောင်းပိုင်ခွင့် မရှိချေ။ ဂျူးအမျိုးသားကျွန်ပိုင်ရှင်တစ်ဦးသည် ဂျူးလူမျိုးကျွန်များအား တစ်ပါးအမျိုးသားများထံသို့ ရောင်းပိုင်ခွင့်မရှိချေ။

ကျွန်ဘဝရောက်ရှိလာသူများမှာ စစ်သုံ့ပန်းများ၊ ကျွန်အဖြစ် မိမိကိုယ်ကို ရောင်းစားသူများနှင့် ကျွန်မိသားစုမှ ပေါက်ဖွားလာသူများ ဖြစ်ကြသည်။ တစ်ခါတစ်ရံ ဆင်းရဲသောမိဘများသည် မိမိမိသားစုအတွက် လုံလောက်စွာ မထောက်ပံ့နိုင်သောကြောင့် သားသမီးများအား ကျွန်အဖြစ် ရောင်းစားတတ်ကြသည်။

ကျွန်ဈေးတွင် ကျွန်များရောင်းဝယ်ရသည်။ နိုင်ငံခြားသား ကျွန်များအား ဉပုသ်နှစ်တိုင်း လွှတ်ပေးရန်မလိုသောကြောင့် ဂျူးကျွန်များထက် ပို၍ ဈေးကြီးသည်။ ထို့အပြင် ဥပုသ်နှစ်လွန်ပြီးကာစ ကျွန်ဈေးသည် ဥပုသ်နှစ်ပြန်ရောက်လုနီး ကျွန်ဈေးထက် အမြဲဈေးကြီးလေ့ရှိသည်။

[ ထွက်မြောက်ရာကျမ်း ၂၁:၂-၁၁၊ ဝတ်ပြုရာကျမ်း ၂၅း၃၉-၅၅၊ တောလည်ရာကျမ်း ၃၁း၉၊ ယောလဝတ္ထု ၃:၃-၈၊တမန်တော်ဝတ္ထု ၁၆း၁၆။ ]