တရားဇရပ်များ (Synagogues)

တရားဇရပ်များ (Synagogues)

မြို့တိုင်းတွင် ဓမ္မဟောင်းကျမ်း ဖတ်ကြားနားထောင်ရန် လူများစုဝေးရာ တရားဇရပ် ရှိသည်။

“တိုရာ”ကျမ်းကို ကျွမ်းကျင်သော “ရဗ္ဗုနိ” (Rabbi) ခေါ် ဓမ္မဆရာများက ဖတ်ရှုဆွေးနွေးခွင့်ရှိပြီး၊ သူတို့၏ ခံယူချက်အတိုင်း ကျမ်းပိုဒ်များ ရှင်းပြနိုင်သည်။ တရားဇရပ်တိုင်းတွင် ခေါင်းဆောင်များက မိမိတို့၏ သတ်မှတ်ချက်အတိုင်း ရွေးချယ်ကြသော ဓမ္မဆရာ “ရဗ္ဗုနိ”များ ရှိသည်။ သူတို့က “တိုရာ”ကျမ်းစာကို ဟေဗြဲ ဘာသာဖြင့် ဖတ်ပြီး “အာရမစ်” (Aramaic) ဘာသာဖြင့် ဘာသာပြန်ပေးရသည်။ သို့ မှသာ ပရိသတ်က သဘောပေါက်သည်။

မည်သည့်မြို့တွင်မဆို ဂျူးအမျိုးသားဆယ်ဦးရှိသော မြို့တိုင်းတွင် တရားဇရပ် တည်ဆောက်နိုင်သည်။ အဆောက်အဦးကို များသောအားဖြင့် တောင်ကုန်းပေါ်တွင် ကျောက်ဖြင့်တည်ဆောက်၍ တောင်ဘက်စွန်းတွင် တံခါးပေါက်ရှိသည်။ ဝတ်ပြုနေရာသာမက ဂျူးလူမျိုးယောက်ျားကလေးများအတွက် ပညာသင်ယူရာကျောင်းဖြစ်သည်။ ဆရာဟူသော အနက်အဓိပ္ပာယ်ရှိသည့် ရဗ္ဗုနိခေါ် ကျမ်းတတ် ပုဂ္ဂုလ်များက တရားဇရပ်တွင် နှုတ်ကပတ်တော်များ သင်ပေးရသည်။

ကျမ်းပိုဒ်များ ရေးသားထားသည့် စာလိပ်များကို တရားဇရပ်ရှိ သေတ္တာ သို့မဟုတ် ဗီရိုထဲတွင် သိမ်းထားကြသည်။ မြို့တိုင်းရှိ တရားသူကြီးအဖွဲ့များသည်လည်း တရားဇရပ်တွင် တွေ့ဆုံလေ့ရှိကြသည်။

[ ရှင်မဿဲခရစ်ဝင် ၁၀:၁၇၊ ရှင်မာကုခရစ်ဝင် ၁း၂၁-၂၂၊ ရှင်လုကာခရစ်ဝင် ၄း၁၄-၂၁။ တမန်တော်ဝတ္ထု ၁၃း၁၄-၁၅၊ ၁၇း၁-၃။ ]