ရောမအင်ပါယာ (The Roman Empire) နိဒါန်း (Introduction)

ရောမအင်ပါယာ

(The Roman Empire)

 

နိဒါန်း (Introduction)

ခရစ်တော်ဖွားမြင်သောအချိန်၌ ရောမအင်ပါယာသည် အစ္စရေးအပါအဝင် မြေထဲပင်လယ်ဒေသတစ်ခုလုံးနှင့် ဗြိတိန်နိုင်ငံထိ ကျယ်ဝန်းခဲ့သည်။ မြို့တော်မှာ ရောမမြို့ ဖြစ်ပြီး လူဦးရေ ၁,၅ဝဝ,ဝဝဝ ရှိသည်။ ယဉ်ကျေးမှုထွန်းကားသော ကမ္ဘာ၏ ဗဟိုအချက်အချာမြို့ဟု ယူဆသတ်မှတ်ခဲ့ကြသည်။ ကျယ်ဝန်းလှသော အင်ပါယာကြီးအုပ်ချုပ်ရန် ခိုင်မာသော ဗဟိုအစိုးရလိုအပ်ရာ ရောမမြို့တွင် နန်းစံသော ဧကရာဇ်မင်းသည် အချုပ်အချာအာဏာချုပ်ကိုင်သူ ဖြစ်သည်။

ရောမအင်ပါယာနှင့် သိမ်းပိုက်သော ကိုလိုနီနိုင်ငံအားလုံးကို ဒေသခွဲ၍ ရောမမြို့မှ စေလွှတ်သော ဘုရင်ခံများကတစ်ဆင့် အုပ်ချုပ်ကြသည်။ ဘုရင်၏ ဒေသဆိုင်ရာအစီရင်ခံစာကို တစ်ခါတစ်ရံ ဧကရာဇ်မင်းထံ တိုက်ရိုက်တင်ပြပြီး၊ တစ်ခါတစ်ရံ ရောမလွှတ်တော်သို့ တင်ပြရသည်။ ဒေသခံများက အခွန်ပုံမှန်ပေးဆောင်၍ ရောမဥပဒေလိုက်နာကာ၊ အစိုးရအား ပုန်ကန်မှု မပြုလုပ်သမျှ ဒေသဆိုင်ရာကိစ္စများတွင် ကိုယ်ပိုင်အုပ်ချုပ်စီရင်ပိုင်ခွင့် ရှိသည်။

ရောမအုပ်စိုးသောကာလတွင် မြေထဲပင်လယ်ပတ်ဝန်းကျင်ရှိ တိုင်းနိုင်ငံများ အေးချမ်းသာယာလျက်ရှိသည်။ ဤကဲ့သို့ စည်းလုံးနိုင်ခဲ့ခြင်းအကြောင်းရင်းမှာ ဂရိဘာသာစကားနှင့် ယဉ်ကျေးမှုတစ်ခုတည်းသာ ထွန်းကားပြီး၊ အုပ်ချုပ်ရေးအာဏာကို ရောမအစိုးရက ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ တိုင်းပြည်ငြိမ်သက်ခြင်းနှင့် ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု တိုးတက်လာသည်။ ဤအခွင့်အရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ရောမအစိုးရသည် အစ္စရေးဒေသ နိုင်ငံရေးတည်ငြိမ်မှုကို အလွန်စိတ်ဝင်စားလာကြသည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးနိုင်ငံသည် အာရှ၊ အာဖရိကနှင့် ဉရောပနိုင်ငံများ၏ ကုန်းလမ်းနှင့် ရေလမ်းဆုံဆည်းရာ ဒေသဖြစ်ရာ ရောမအင်ပါယာအတွက် အထူးအရေးပါသောကြောင့် ဖြစ်သည်။

ရောမလူမျိုးတို့သည် လမ်းဖောက်လုပ်ရာတွင် အလွန်ကျွမ်းကျင်ထင်ရှားကြ သည်။ တိုင်းပြည်အေးချမ်းသောကာလအတွင်း စစ်သားများက ဒေသ ၄၃ ခုအား ဆက်သွယ်ရေးလမ်းမကြီးများ ဖောက်လုပ်ပေးခဲ့ရာ၊ ခရီးသွားလာရေးနှင့် ဆက်သွယ်ရေး လွယ်ကူလျင်မြန်စေသည်။ ထို့ပြင် အလွန်ကွာဝေးသောအရပ်မှ တူးမြောင်းများ ဖောက်လုပ်ပေးခြင်းဖြင့် ရေသန့်မရနိုင်သောနေရာများတွင် မြို့ကြီးများတည်နိုင်ခဲ့သည်။

ရောမတို့က အစ္စရေးနိုင်ငံအား သိမ်းပိုက်သောအခါ မက်ကဘီစ်အစိုးရကို ဖျက် သိမ်းပြီး ဒေသအုပ်ချုပ်ရန် မိမိလူကိုသာ ခန့်ထားခဲ့သည်။ တိုင်းပြည်ကိုလည်း ဂါလိလဲ။ ရှမာရိ၊ ယုဒ၊ အီဒူမီးယားနှင့် ဖရီးယား ဟူ၍ ဒေသ ၅ ခုခွဲလိုက်သည်။ ဂျူးလူမျိုး တို့သည် ဂါလိလဲ၊ ဖရီယားနှင့် ယုဒဒေသများတွင် အဓိကနေထိုင်ကြသည်။ အစ္စရေး နိုင်ငံရှိ လူဦးရေ တစ်ဝက်ခန့်သည် ဂျူးလူမျိုးများဖြစ်၍ ကျန်လူမျိုးများမှာ ဂရိ၊ ရောမ ဆီးရီးယား၊ အီဂျစ်၊ အာရပ်၊ ပါရှန်နှင့် ဗာဗုလုန်လူမျိုးများ ဖြစ်ကြသည်။

မဟာဟေရုဒ်မင်းကြီး၏မိသားစုသည် ရောမဧကရာဇ်ဘုရင် ဂျူးလီယက်ဆီဇာအား ကူညီထောက်ပံ့ခဲ့သောကြောင့် ရောမတပ်တွင် ဂျူးလူမျိုးများ အမှုထမ်းရန် မတောင်းဆိုတော့ချေ။ သို့သော် နိုင်ငံအနှံ့တွင် ရောမစစ်သားများ၏ စခန်းနှင့် ခံတပ်များ တည်ဆောက်ထားသည်။ အခွန်တော် အမြဲဆက်သရခြင်းနှင့် မိမိတိုင်းပြည်တွင် နိုင်ငံခြားသား အမြောက်အမြား ဝင်ရောက်လာခြင်းသည် အသိမ်းပိုက်ခံ လူမျိုးဖြစ် ကြောင်း အမြဲသတိရစေသည်။

ဂျူးလူမျိုးတို့သည် ရောမလူမျိုးများအား ညစ်ညမ်းသော သူများအဖြစ် သတ်မှတ်သည်။ ဂျူးလူမျိုးတို့သည် ရောမများအား သူတို့ကိုအုပ်စိုးသောကြောင့်လည်းကောင်း၊ ဘာသာစကားအမျိုးမျိုးပြောကြသောကြောင်းလည်းကောင်း၊ ဘာသာရေးဆိုင်ရာ ယုံကြည်မှုအမျိုးမျိုးရှိကြသောကြောင့်လည်းကောင်း၊ အလွန်မုန်းတီးကြသည်။ ရောမ များနှင့် ဂျူးလူမျိုးများအကြား မကြာခဏ ဆူပူမှု၊ ခိုက်ရန်ဖြစ်ပွားမှု ရှိတတ်သည်။ ရောမများကလည်း မိမိအင်ပါယာကြီးအတွင်း အုပ်ချုပ်ရန် အခက်ခဲဆုံးဒေသဟု သတ်မှတ်ထားကြသည်။

[ ရှင်မဿဲခရစ်ဝင် ၈း၅-၉၊ ရှင်လုကာခရစ်ဝင် ၂း၁-၃၊ ၂၀:၂၁-၂၅၊ ၂၃:၁-၂၊ ရှင်ယောဟန်ခရစ်ဝင် ၁၁း၄၇-၄၈၊ ၁၉:၁၂၊ တမန်တော်ဝတ္ထု ၁၀း၁၊ ၁၆း၃၇-၃၉၊ ၁၉း၃၇-၄၀၊ ၂၂း၂၅-၂၉။ ]