အမျိုးသမီးဝတ်စုံ (Women’s Clothing)

အမျိုးသမီးဝတ်စုံ (Women’s Clothing)

အမျိုးသမီးဝတ်စုံများသည် အမျိုးသားများနှင့် ဆင်တူဖြစ်သည်။ အမျိုး သမီးများက အမျိုးသားများ၏ အဝတ်အစားများ မဝတ်မိရန် ဂျူးဥပဒေက တားမြစ်ထားသောကြောင့် ဝတ်စုံအချင်းချင်းသိသာသော ခြားနားမှု ထားရှိကြသည်။ အတွင်းအင်္ကျီသည် အမျိုးသားများအတွင်းအင်္ကျီနှင့် အလွန်တူသော်လည်း အပြင်ဝတ်ရုံသည် ခြေဖျားထိဖုံးအောင်ရှည်၍ အနားသားတွင် ဇာပန်းများ ထိုးထားသည်။ အမျိုးသမီးများသုံးသော ခါးပတ်တွင် ပန်းပွင့်ပုံထိုးထားသည်။ အပြင်ထွက်သောအခါ ဝတ်ရုံကိုဝတ်၍ ဦးခေါင်းဖုံးရသည်။ ဘုရားဝတ်ပြုချိန်တွင်လည်း ဦးခေါင်းဖုံးပြီး မျက်နှာကို မဖုံးထားကြချေ။

ကလေးများ၏ဝတ်စုံ သည် အတွင်းခံအင်္ကျီမျိုး သို့မဟုတ် လူကြီးဝတ်ရုံ အနည်းငယ်တိုသော ဝတ်ရုံမျိုးဖြစ်သည်။ မိန်းကလေးများဝတ်သော အတွင်းခံ အင်္ကျီသည် ရောင်စုံပန်းပွင့်များ ထိုးထားသည်။ လူကြီးနှင့်ကလေး အဝတ်အစားများမှာ အရောင်အားဖြင့် ကွာခြားမှုမရှိပေ။ ကလေးများသည် ခါးပတ်မပတ်ဘဲ ပြေးကစားလေ့ရှိသည်။

ဆင်းရဲသားများသည် သားရေချောဖိနပ်များ ဝယ်မစီးနိုင်ကြချေ။ အိမ်တွင်း၌သာ ပြုလုပ်ကြပြီး သစ်သားခုံပေါ်တွင် သားရေမာဖြင့် ရိုက်ထားသော ရိုးရိုးညှပ်ဖိနပ်များ စီးကြသည်။